ပြည်ထောင်စုဝန်ကြီးနှစ်ဦးကို ပြည်ထောင်စုလွှတ်တော်အတည်ပြု

နေပြည်တော် ၂၃ နိုဝင်ဘာ


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင်ကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။


ဦးကျော်တင်သည် လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား တာဝန်ပေးအပ်ရန်လည်း အတည်ပြုခဲ့သည်။


ဦးသောင်းထွန်းအား လျာထားမှုအပေါ် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ကန့်ကွက်ကြောင်းအဆိုကို တင်သွင်းခဲ့သော်လည်း ခိုင်လုံသည့် သက်သေအထောက်အထား ပူးတွဲတင်ပြနိုင်ခြင်းမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၈ နှင့်အညီ လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။


မျိုးထက်ဦး(MDN)