နေပြည်တော် မေ ၁၄

 

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ရုံးအမှတ်(၂၅) ဥပဒေရေးရာ ဝန်ကြီးဌာန ယာယီဝန်ထမ်း အိမ်ရာဝင်း၌ ဝန်ထမ်းများနေထိုင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ တပ်ဆင်တည်ဆောက် ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

သက်ဆိုင်ရာ ပညာရှင်အဖွဲ့က ပြန်လည်ရှင်းလင်း

ဦးစွာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပညာရှင်အဖွဲ့ခေါင်းဆောင်က ယာယီအဆောက်အအုံများ ဆောက်လုပ်တပ်ဆင်ခြင်းကို Video Clip ဖြင့် ရှင်းလင်းပြသပြီး ယာယီအဆောက်အအုံများ ချထားမည့်မြေနေရာတွင် လက်တွေ့ တည်ဆောက်တပ်ဆင်ခြင်းများကို ဆောင်ရွက်ရာ တာဝန်ရှိသူများက တပ်ဆင်တည်ဆောက်နေမှုများကို လေ့လာ၍ သိရှိလိုသည့်အချက်များကို မေးမြန်းပြီး သက်ဆိုင်ရာ ပညာရှင်အဖွဲ့က ပြန်လည်ရှင်းလင်းသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်က Container House များ လာရောက် တပ်ဆင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင်အဖွဲ့အား ကျေးဇူးတင်စကား ပြောကြားပြီး တည်ဆောက် တပ်ဆင်နေသည့် ယာယီ အဆောက်အအုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်