ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော်   မတ်   ၂၂

 

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ တွေ့ဆုံသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ရှေ့နေချုပ်  Mr.Igor KRASNOV  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီး H.E.Mr.  Konstantin  Chuy Chenko ၏ ဖိတ်ကြားချက်အရ ၂၀၂၂  ခုနှစ်  ဇွန် ၂၈  ရက်မှ ဇူလိုင် ၁    ရက်အထိ    ရုရှားဖက်ဒရေးရှင်းနိုင်ငံ    စိန့်ပီတာ စဘတ်မြို့တွင်   ကျင်းပသည့်  (၁၀) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်(10th St. Petersburg International Legal Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်   ပြည်ထောင်စုရှေ့နေချုပ်  ဒေါက်တာ သီတာဦး   တက်ရောက်စဉ်  H.E.Mr.  Konstantin Chuy Chenko နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဥပဒေ ရေးရာပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ Memorandum of Cooperation နှစ်စုံကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် သော်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် သော်လည်းကောင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်ဖြစ်သည်။

 

တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆက်သွယ်ဆောင်ရွက်ခဲ့မှု၊ ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊   နှစ်နိုင်ငံ ဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးမှု များကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့လာ သင်ယူခြင်းတို့အတွက်   ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာ နှစ်ဖက် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

 

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်း ဆောင်ရွက်ရေး   နားလည်မှုစာချွန်လွှာကို  ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာ သီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr.Igor KRASNOV တို့က လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး  H.E.  Dr. LISTOPADOV Nikolay ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ရှေ့နေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်       ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှေ့နေချုပ်သည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ရတနာဆင်ဖြူတော်ဆောင်တွင် ဆင်ဖြူတော်များကို  အစားအစာများ  ကျွေးမွေးကြသည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor KRASNOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Jasmine Naypyitaw Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံရာ နေ့လယ်စာစားပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်              မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ   သံအမတ်ကြီး   H.E.  Dr. LISTOPADOV Nikolay တို့ တက်ရောက်ခဲ့ကြသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ခရီးစဉ် အတွင်း  ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်အရ ပူးပေါင်းကျင်းပသည့် “SEMINOR ON LEGAL COOPERATION BETWEEN MINISTRY OF LEGAL AFFAIRS,THE REPUBLIC OF THE UNION OF MYANMAR AND THE PROSECUTOR GENERAL’S   OFFICE   OF  THE   RUSSIAN FEDERATION”  ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ်  Mr.Sergey Vladimirovich PLOKHOV က “Topical direction of international legal cooperation of the Prosecutor General’s Office of the Russian Federation in the context of modern threats and challenges” ဘာသာရပ်ကို လည်းကောင်း၊ အဖွဲ့အစည်းဆိုင်ရာနှင့်    သုတေသနဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ်  Mr.Denis  KUNEV  က “On the Russian experience of countering crimes in IT-sphere,including illicit  turnover  of cryptocurrency   and  other  virtual  assets” ဘာသာရပ်ကိုလည်းကောင်း  ဆွေးနွေးပို့ချပြီး ဆွေးနွေး ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိ ၄၅ ဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်း ရှစ်ဦး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ   အရာထမ်း ခုနစ်ဦး၊ Naypyitaw State Academy မှ ဥပဒေ ဘာသာရပ်အထူးပြု ကျောင်းသား ကျောင်းသူ ၁၅ ဦး၊ စုစုပေါင်း ၇၅ ဦး တက်ရောက်၍ ဆွေးနွေးပို့ချချက် များအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ရှေ့နေချုပ်  Mr.  Igor KRASNOV  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅)    နှစ်မြောက်   စိန်ရတုအခါသမယအတွင်း လာရောက်သော ခရီးစဉ်ဖြစ်ပြီး    အဆိုပါခရီးစဉ် အတွင်း ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ     ရှေ့နေချုပ်ရုံးတို့အကြား    ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး    နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း၊    ခရီးစဉ်အတွင်း   ညှိနှိုင်းမှုအစီအစဉ်အရ SEMINOR ON LEGAL COOPERA-TION   ကျင်းပနိုင်ခြင်းတို့ကြောင့်  နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည် နားလည်မှု ကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဥပဒေရေးရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်