နေပြည်တော် ဇူလိုင် ၁၇
ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာ (China-ASEAN Legal Research Center) တို့အကြားချုပ်ဆိုမည့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်သည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေ တက္ကသိုလ် (Southwest University of Political Science and Law) ပါမောက္ခချုပ် Mr.Wu Yu Hong နှင့် ပါမောက္ခများ၊ တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zhang Xiao Jun နှင့် တာဝန်ရှိသူများနှင့် ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီး ဌာနသည် ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ခေါင်းစဉ်ဖြင့် ရည်မှန်းချက်(၅)ခုချမှတ်ကာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယင်းရည်မှန်းချက် တွင် မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း။
ယင်းနားလည်မှုစာချွန်လွှာအရ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသန စင်တာတို့အကြား ဥပဒေရေးဆွဲရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဥပဒေအသိပညာဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် အဓိကထား၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဤနားလည်မှု စာချွန်လွှာရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံအကြားရှိ ဥပဒေစနစ်မတူညီမှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုစနစ်တို့ကို အပြန်အလှန် အားဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့်ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)”အဖြစ်ခန့်အပ်ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)