နေပြည်တော် မတ် ၂၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေ အရာရှိများ၊ ခရိုင်ဥပဒေအရာရှိများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာန၏ တတိယမြောက် မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) ကို “ပြည်သူ့ အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဖြင့် ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာအစီအစဉ် ၆၁ ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာ စီမံကိန်းအရ ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းနှင့် တက္ကသိုလ် ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် ဆောင်ရွက်ခြင်း၊ e-library တည်ထောင်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း။
ထို့ပြင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများကိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်နိုင်ရေးအတွက် Grade 11 ၊ Grade 12 ဆရာ၊ ဆရာမများအား ဥပဒေ အသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဥပဒေ အသိပညာ ပြန့်ပွားစေရေးအတွက် နိုင်ငံ့ဝန်ထမ်းပေါင်း (၃၁၀၁၀၂) ဦးကို ဗဟုသုတ ဖြန့်ဝေနိုင်ခဲ့ကြောင်း၊ ဥပဒေအရာရှိများ၏ အရည်အသွေး မြင့်မားရေးဆိုင်ရာ သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ပြည်သူလူထုအကြား ဥပဒေဗဟုသုတ အသိပညာများ အလွယ်တကူပြန့်နှံ့နိုင်စေရန်နှင့် ဥပဒေ ဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီစေရန် AI နည်းပညာဖြင့် ဥပဒေအသိ ပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်အရ ဥပဒေရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဥပဒေအနှစ်ချုပ် လက်ကိုင်စာအုပ်များ ပြုစု၍ သင်ရိုးညွှန်းတမ်းရေးဆွဲပြုစု သင်ကြားပို့ချရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာရေးအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးအစီအမံများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခွဲဝေချထားပေးသည့် ဘတ်ဂျက်များကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း မှန်မှန်ကန်ကန် အကျိုးရှိစွာအသုံးပြုရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဥပဒေ (မူကြမ်း) များကို စိစစ်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ၁၇-၁-၂၀၂၃ ရက်စွဲပါ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အမှုလိုက် ဥပဒေအရာရှိများ၏ အရည်အသွေး တိုးတက်ရေးအတွက် အချင်းချင်းအသိပညာဖလှယ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်တွင် အမှုကိစ္စရပ် စီမံခန့်ခွဲမှုစနစ် (case management) ကောင်းမွန်စေရန် ရှေ့ပြေးဥပဒေရုံး ၁၈ ရုံးအပြင် မဟာဗျူဟာစီမံကိန်း (၂၀၂၅ - ၂၀၂၉) အရ ရှေ့ပြေးဥပဒေရုံးများကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ကြောင်းမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်