နေပြည်တော်  မေ  ၁၆

           

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသ ကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဝန်ကြီးရုံး မြေညီထပ်အစည်းအဝေး ခန်းမ၌ ကျင်းပရာ   ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။               

                               

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လက်ရှိကာလတွင် တရားဥပဒေ စိုးမိုးရေး၏ အနှစ်သာရတစ်ခုဖြစ်သော အကောင်အထည်ဖော်ရာလည်း ရောက်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး (Legal Advocacy) ကိစ္စကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာရည်မှန်းချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအတွက် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံသင်တန်းများ၊ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း)စိစစ် အကြံပြုခြင်းဆိုင်ရာ သင်တန်းများ၊ တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း သင်တန်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံ ဥပဒေအခြေခံသင်တန်းများတို့ကို ပို့ချနိုင်ခဲ့ကြောင်း။

 

 ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ လုပ်ငန်းတာဝန်များအား သိရှိနားလည်စေရန်နှင့် ဥပဒေအသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များအား ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်း(Legal Advocacy Training)ကို “နိုင်ငံဝန်ထမ်း အကြီးအမှူးများ အတွက် ဥပဒေရေးရာသင်တန်း”အဖြစ် ဤဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း၊ Legal Advocacy Centre သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဖွင့်လှစ်ပြီးပါက ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်သင်တန်းများ ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း။

 

တရားစွဲမှုနှင့် အမှုလိုက်လုပ်ငန်းသည် ဤဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သဖြင့် ဥပဒေရုံးအဆင့်ဆင့် ကြီးကြပ်မှုဖြင့် ထိန်းကျောင်းမှုများကို အလေးဂရုထားလုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်ညွှန်ကြားချက်များကို ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသဖြင့် သေသေချာချာ ဖတ်ရှုပြီး လိုက်နာဆောင်ရွက်ရန်လိုကြောင်း။

 

ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံး အဆင့်ဆင့် တိုးတက်ကောင်းမွန်ရေးကို ရှေးရှုပြီး တင်ပြဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပြောကြား လိုကြောင်း မှာကြားသည်။

 

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာ လုပ်ဆောင်ချက် Video Clip ကို ပြသသည်။ ယင်းနောက် ဒုတိယအမြဲတမ်းအတွင်းဝန်က ဥပဒေရေးရာဝန်ကြီး ဌာန၏ ဝန်ကြီးဌာနဖွဲ့စည်းပုံနှင့်အညီ အသစ်ဖွဲ့စည်းခဲ့သော ဌာနခွဲ၊ ဌာနစိတ်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက မိမိတို့ဒေသအလိုက် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ရုံးလုပ်ငန်းများကို တင်ပြဆွေးနွေးကြပြီး၊ လုပ်ငန်း ဆိုင်ရာများကို သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးကြသည်။

 

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ တက်ရောက်ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

(သတင်းစဉ်)