နေပြည်တော်၊ မတ် ၂၃
    
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) သို့သွားရောက် ကြည့်ရှုစစ်ဆေး သည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော် က အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်) ဆောက်လုပ်ရခြင်း၏ရည်ရွယ်ချက်၊ ဖွင့်လှစ်ပြီးစီးပါက ဆောင်ရွက်နိုင်မည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း/အလှကုန်စစ်ဆေးခြင်းလုပ်ငန်းများ၊ ယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အဆောက်အဦအား သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လုပ်ငန်းအပြီးသတ် ဆောင်ရွက်နိုင်ရေး၊  အချိန်တိုအတွင်း ဖွင့်လှစ်နိုင်အောင် တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်၊ တန်ဖိုးကြီးမားသည့် စက်ပစ္စည်းများကို မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးအဆင့်ဆင့် ကြီးကြပ်သွားရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှု အပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ  ပြည်သူလူထုထံသို့ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ရောက်ရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်အောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန် လိုအပ်ကြောင်း၊ ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများနေရေးထိုင်ရေး အဆင်ပြေမှု ရှိစေရန် စီမံဆောင်ရွက်သွားရန် မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးများ ဓါတ်ခွဲစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ် ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ 
    
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-ရန်ကုန်တွင် နိုင်ငံတကာအဆင့်မီ ဓါတ်ခွဲခန်းပါဝင်သောရုံးအဆောက်အဦ(၁)လုံး၊ Training center (၁) လုံး၊ အရာထမ်းအိမ်ရာ (၂)လုံး၊ အမှုထမ်းအိမ်ရာ(၁)လုံး၊ လူပျိုဆောင်နှင့် အပျိုဆောင်တို့ပါဝင်ကာ မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဖွင့်လှစ်ပြီးစီးပါက သောက်ရေသန့်များတွင် ဘေးအန္တရာယ်ဖြစ်စေသော ဓါတုပစ္စည်းများ၊ အဏုဇီဝပိုးမွှားများပါဝင်မှုရှိမရှိကိုလည်းကောင်း၊ စားသုံးဆီများတွင် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသော အသွင်ပြောင်းအဆီ(Trans fat) ပါဝင်မှုနှုန်း၊ ငရုတ်သီးမှုန့်၊ မြေပဲ၊ ပဲအမျိုးမျိုး၊နှမ်း၊ မြေပဲဆီနှင့် ပြောင်းနှင့်လုပ်သော မုန့်များတွင် မှို(Afla toxin) ပါဝင်မှုကို လည်းကောင်း၊ အစားအသောက်များတွင်လူကို ဘေးဉပါဒ် ဖြစ်စေ တတ်သော ဓါတ်သတ္ထုများ ပါဝင်မှုကိုလည်းကောင်း၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များအား နိုင်ငံတကာအဆင့်မီ စစ်ဆေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)