ရန်ကုန် ဖေဖော်ဝါရီ ၂၄
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်သို့ရောက်ရှိပြီး One Stop Service Center ရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ပြည်ထောင်စုဝန်ကြီးသည် One Stop Service Center ရှိဝန်ထမ်းများနှင့် တွေ့ဆုံ စဉ် သီလဝါအထူးစီးပွားရေးဇုန်၏ နောက်ခံအခြေအနေများ၊ အထူးစီးပွားရေးဇုန်အနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါမှုအခြေအနေများ၊ လက်တလောဖြစ်ပေါ် လျက်ရှိသော အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ နှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေး နွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြုပ်နှံမှု များလွယ်ကူချောမွေ့စေရေးနှင့် ခွင့်ပြုမိန့်ရရှိပြီး လုပ်ငန်းများအနေဖြင့် ဌာနဆိုင်ရာ အသီးသီးနှင့် ဆက်စပ်လုပ်ကိုင်ရမည့်ကိစ္စများတွင် ဌာနအလိုက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးခြင်းဖြင့် အထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားရှိရေး၊ ဇုန်အတွင်းရှိ လုပ်ငန်းများနေဖြင့် ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရေး၊ စီမံခန့်ခွဲမှု ကော်မတီကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ထပ်မံဝင် ရောက်လာစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။
ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက သီလဝါအထူးစီးပွားရေးဇုန်ရှိ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြုပ်နှံသူလုပ် ငန်းရှင်များ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်