ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် သည် ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ Pullman Yangon Centrepoint Hotel ၌ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
 
 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့သည် သည်မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ အများဆုံး ဆင်းသက်လျှက်ရှိသည့် မြို့တော်တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကဝင်ထွက် ပေါက်ဖြစ်သည်နှင့်အညီ နိုင်ငံတကာ ခရီးသွားဧည်သည့်များ အများဆုံး ဝင်ရောက်သည့် မြို့တော်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို လျှင်လျှင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဥပဒေတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ထည့်သွင်းပြဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနမှလည်း လိုအပ်သည့်ကူညီပံ့ ပိုးမှုများနှင့် ဥပဒေ၊ နည်းပဒေ၊ မူဝါဒများ ချမှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဂျပန်ချစ်ကြည်ရေးအတွက် ဆောင်ရွက်မည့် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် စသည်ဖြင့်ပြောကြားသည်။
 
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အ တွက် ဆောင်ရွက်နေသည့် Sunday Market၊ လာဘ်ကောင်အရုပ်(Mascot)၊ Tourism Brand Name၊ လက်ခုပ်ကုန်းကမ်းခြေဒေသ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရှင်း လင်းတင်ပြသည်။
 
 
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း တာဝန်ရှိသူ တစ်ဦးမှ ရန်ကုန်မြို့တွင် ကျင်းပသွားမည့် Yangon Step 2019 ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက် ထားရှိမှုတို့အား တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပေးသည်။
 
 
အစည်းအဝေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့သည် မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် စိုက်ပျိုးမည့် ချယ်ရီပင်များ စိုက်ပျိုးမည့်နေရာနှင့် အခမ်းအနားကျင်းပမည့် နေရာတို့အား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
 
(သတင်းစဉ်)