နေပြည်တော်      ဇန်နဝါရီ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းနှင့် ပလင်းကမ်းသာယာ ဆင်စခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ် မြေသင်းတွင်းကြိုးပြင်ကာကွယ် တောအတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်စိုက်ပျိုးဆောင်ရွက်သည့် တောထိန်းဧရိယာ အထူးစိမ်းလန်းစိုပြည်ရေး ကွက်လပ်ဖြည့်စိုက်ခင်း(၆/၂၀၁၉)ကို ကြည့်ရှုစစ်ဆေးပြီး ရာသီဥတုပြောင်းလဲမှုနှင့်အတူ သစ်ပင်စိုက်ပျိုးနည်းစနစ်များ လိုက်လျောညီထွေမှုရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ စိုက်ပျိုးသည့်သစ်မျိုး၊ စိုက်ပျိုးနည်းစနစ်၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် ရှင်ပင်ရာခိုင်နှုန်းတို့ကို စနစ်တကျမှတ်တမ်းတင်ထားရှိ၍ သုတေသန ပြုဆောင်ရွက်ရန်၊ ပျိုးပင်များရှင်သန်ကြီးထွားမှုကို စနစ်တကျ သုတေသနပြုဆောင်ရွက်နိုင်ရေးအတွက် စိုက်ခင်းအတွင်း အမြဲတမ်းနမူနာကွက်များ ချမှတ်ဆောင်ရွက်ရန်၊ ပျိုးပင်များကျန်းမာ ကြံ့ခိုင်မှုရှိစေရေး ပျိုးဥယျာဉ်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ ဇီးအိုကြိုးပြင်ကာကွယ်တောအတွင်း ထိန်းသိမ်းထားရှိသည့် အင်ကြင်းတော၊ ပလင်းကျေးရွာအနီး စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ချင်းတွင်းဖောင်ဖွဲ့ရေးဒေသက တည်ထောင်ဖွင့်လှစ်သည့် ပလင်းကမ်း သာယာဆင်စခန်း၌ ဆင်ပြတိုက်တည်ဆောက်မှုနှင့် လေညှင်းခံဆိပ်ခံ ဗောတံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ထက်လန်းကန်နှင့် လက်ထုတ်ကျေးရွာတို့၌ သစ်တောဦးစီးဌာနနှင့်ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာသစ်တော လုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့်ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်စိုက်ခင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ်အထိ (၃) နှစ်စီမံကိန်းဖြင့် ဆောင် ရွက်ခဲ့သည်။ ယင်းစီမံကိန်းသည် ညောင်ဦးမြို့နယ် အတွင်းရှိထက်လန်းကန်နှင့် လက်ထုတ် ကျေးရွာဒေသခံများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ထင်း၊ တိုင်၊ မျောနှင့် သစ်များထောက်ပံ့ရန်၊ သစ်တော ထိန်းသိမ်းခြင်းနှင့် ပြုစုခြင်းလုပ်ငန်းများတွင် ဒေသခံများပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်