နေပြည်တော် ၂၁ နိုဝင်ဘာ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟကြားဒေသရှိ ရွှေဖြူကောင်းကင်နန်းတော် သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အားရဲဒေသရှိ စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့၏ မန်ဂနီးစ်ဒိုင်အောက်ဆိုဒ် အသေးစားသတ္တုတူးဖော်ရေး လုပ်ကွက်မှ အလတ်စားသတ္တုတူးဖော်ရေးသို့ ပြောင်းလဲမည့် လုပ်ကွက်များအတွင်း ဘူမိဗေဒနှင့် ဓာတ်သတ္တုစမ်းသပ် တိုင်းတာရှာဖွေရေး လုပ်ငန်းတွေ့ရှိချက်များအရ သတ္တုသိုက်ဖြစ်ထွန်းတည်ရှိမှု၊ ပျမ်းမျှသတ္တုသားပါဝင်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိန်းသန်းသတ္တုထုတ်လုပ်မှုကုမ္ပဏီ၏ သတ္တုလုပ်ကွက် ယာယီရှင်းလင်းဆောင်သို့ရောက်ရှိပြီး ဘူမိဗေဒနှင့် ဓာတ်သတ္တုဖြစ်ထွန်းမှု အဆင့်(၂) အစီရင်ခံစာများအား စစ်ဆေးကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်းလုံးကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီးရှိ တင်မြင့်ရီကုမ္ပဏီပိုင် သစ်စက်ဝင်းသိုလှောင်ရုံအတွင်းရှိ (မြန်မာ-ထိုင်း) နှစ်နိုင်ငံချစ်ကြည်ရေးတံတားဂိတ်မှ ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ပထမအကြိမ်တင်ပို့မည့် ကျွန်းခွဲသား (၁၉၈ ဒသမ ၉၈၃၆)တန်အား စစ်ဆေးရာ နယ်စပ်စစ်ဆေးရေးအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား အသေးစိတ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံသို့တင်ပို့မည့် ကျွန်းခွဲသားများအား ခွင့်ပြုမိန့် အထောက်အထား စာရွက်စာတမ်းများ၊ စိစစ်အတည်ပြု လက်မှတ်များနှင့်အတူ တိုက်ဆိုင် စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်စက်ဝင်းသိုလှောင်ရုံအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မြူမီးခိုးငွေ့ပြဿနာ ကြိုတင်ကာကွယ် အသိပေးဟောပြောခြင်း၊ လေထုသန့်စင်မှု အရည်အသွေးစနစ်တကျ တိုင်းတာမှတ်တမ်းတင်ရေးများနှင့် စပ်လျဉ်း၍ လိုအပ်သည်များအား ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တင်မြင့်ရီကုမ္ပဏီမှ တာချီလိတ်မြို့၊ (မြန်မာ-ထိုင်း) ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကျွန်းခွဲသားများတင်ပို့မည့် မော်တော်ယာဉ်များ နယ်စပ်စစ်ဆေးရေးဂိတ်ဖြတ်ကျော်ရန် စစ်ဆေးဆောင်ရွက်နေမှုများအား ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်ရှိ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနရုံးကို စစ်ဆေးရာ တာဝန်ရှိသူများက ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနရုံး စတင်ဖွင့်လှစ်နိုင်မှု၊ ခရိုင်အတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍကွင်းဆင်း စစ်ဆေးမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး သတ္တုတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေစာများ မြစ်/ချောင်းများအတွင်းသို့ ဝင်ရောက်ခြင်း မရှိစေရေး စနစ်တက ျစောင့်ကြည့်စစ်ဆေးရန် မှာကြားသည်။
ထို့နောက်တွင် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ခရိုင်ရုံးအတွင်း တပ်ဆင်တိုင်းတာလျက်ရှိသည့် EPAS Haze Scanner လေထု အရည်အသွေး တိုင်းတာစက်အား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်၊ သစ်တောဉီးစီးဌာန၊ ဟောင်လိပ်သစ်တောပျိုးဥယျာဉ်အတွင်း တရားမဝင်ဖမ်းဆီးသစ်များ စုပုံထားရှိမှု၊ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပြီးစီးမှုနှင့် လပ်ပုံထိုင်လေလံအောင်ပြီး သစ်ပုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


