နေပြည်တော် ၁ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံ - မိုင်းခွန် - မိုင်းခုတ်လမ်း (ဝ) ကီလိုမီတာမှ (၄၇ ဒသမ ၇) ကီလိုမီတာအထိ လမ်းဦးစီးဌာန ကျိုင်းတုံခရိုင်မှ ကတ္တရာခင်းခြင်း ၊ ကွန်ကရစ်ခင်းခြင်း ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ - မိုင်းခွန် - မိုင်းခုတ်လမ်း ကီလိုမီတာ (၂၇ နှင့် ၃၀) အကြား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကျောက်စီ မြေထိန်းနံရံ ၊ ရေမြောင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ - မိုင်းခုတ် - မိုင်းဆတ်လမ်း ကီလိုမီတာ (၄၇ ဒသမ ၇) မှ (၁၁၅ ဒသမ ၉၇၃) ကီလိုမီတာအထိ မိုင်းဆတ်ခရိုင်မှ လမ်းချဲ့ခြင်း ၊ ကွန်ကရစ် ခင်းခြင်း ၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး မိုင်းလုသို့ ရောက်ရှိသည်။
ထို့နောက် လမ်းစခန်းရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ လက်ရှိလမ်းအခြေအနေ ၊ ပြောင်းလဲသတ်မှတ်လိုသော လမ်းအခြေအနေ တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ခရိုင်အလိုက် လမ်းများသတ်သတ်မှတ်မှတ် ရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားပြီး လမ်းတစ်လျှောက် လမ်းချဲ့ခြင်း ၊ ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာလမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မိုင်းဆတ်မြို့သို့ ရောက်ရှိပြီး ရှမ်းပြည်နယ် ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်က မိုင်းဆတ်မြို့တွင် ၄ ခန်းတွဲ ၄ ထပ် စုပေါင်းဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိုင်းဆတ်မြို့တွင် ပထမဦးဆုံးအနေဖြင့် စုပေါင်း ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးသည်မှာ ကောင်းမွန်ပါကြောင်း ၊ တည်ဆောက်ရေးလုပ်ငန်းများ လက်ရာသေသပ် ကောင်းမွန်စေရန်နှင့် အရည်အသွေးကောင်းရန် လိုကြောင်း မှာကြားကာ တည်ဆောက်ပြီး စုပေါင်းဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မိုင်းဆတ်ခရိုင်မှ ဆောင်ရွက် သော မိုင်းဆတ် - မိုင်းတုံကတ္တရာလမ်းအခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တံတားဉီးစီးဌာန၊ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူက နမ့်စန်-မိုးနဲ-တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်း ကီလိုမီတာ(၂၅၀ နှင့် ၂၅၁)ကြားရှိ ယခင်တံတားဟောင်း ကျိုးကျပျက်စီးသွားသဖြင့် တစ်လမ်းမောင်း ဘေလီတံတား ယာယီအစားထိုးထားရှိမှု၊ ယင်း ယာယီဘေလီတံတားအစား နှစ်လမ်းမောင်း ကွန်ကရစ်တံတားသစ် တည်ဆောက်မည့် အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များ မှာကြားပြီး ယခင်တံတားဟောင်း ကျိုးကျနေမှု၊ လက်ရှိ အသုံးပြုနေသည့် ယာယီဘေလီ တံတား ကြံ့ခိုင်မှုနှင့်အသစ်တည်ဆောက်မည့် တံတားလျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)