ပြင်ဦးလွင် ဒီဇင်ဘာ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီးဌာန၊ ဧည့်ရိပ်သာ၌ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်ဖြစ်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရေး၊ အမျိုးသားကန်တော်ကြီးဥယျာဉ် စိမ်းလန်းသာယာလှပရေး၊ သစ်တောမြေများကို စနစ်တကျစီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍မှာကြားပြီး မြန်မာ့သစ်လုပ်ငန်း၊ ပြင်ဦးလွင်သစ်ထုတ်ရေးဒေသရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တွေ့ဆုံ၍ အမျိုးသားကန်တော်ကြီးဉယျာဉ် သာယာလှပရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် ရာပြည့်အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းသို့ သွားရောက်၍ သင်တန်းသားများနှင့်တွေ့ဆုံကာ သင်တန်းမှပို့ချသော စာတွေ့ / လက်တွေ့ သင်ခန်းစာများ ကြိုးစားလေ့လာ သင်ကြား၍ မိမိတို့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချနိုင်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန ခရိုင်ရုံးများသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ရရှိရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရေး၊ သဘာဝတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ စောင့်ရှောက်ရေး၊ တရားမဝင်သစ် တားဆီးကာကွယ်ရေး၊ လူထုသို့ အသိပညာပေးရေးကိစ္စရပ်များနှင့် ပတ်သက်၍မှာကြားပြီး သစ်တောဦးစီးဌာန၊ ခရိုင်ရုံးအတွင်း သီးနှံသစ်တောရောနှောစိုက်ပျိုးထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်