ရန်ကုန် ဇွန် ၂၅
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို မပျက်စီးမပျောက်ပျက်စေရန် ထိန်းသိမ်းဆောင်ရွက်နေသကဲ့သို့ သတ်မှတ်စံနှုန်း များနှင့် ကိုက်ညီသည့်အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်ဖြစ်စေရန်နှင့် ကျောက်စာ၊ ခေါင်းလောင်းစာစသည့် ထူးခြားထင်ရှားသည့် မှတ်တမ်းများကိုလည်း ကမ္ဘာ့အထင်ကရ မှတ်တမ်းအမွေအနှစ်များ ဖြစ်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့်အညီ လိုအပ်နေသည့် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း (Building by laws)၊ လမ်းညွှန်ချက်မူဘောင်နှင့် ကန့်သတ်ချက်တို့ကို တိကျစွာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းဖြစ်ရန်နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံများနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့အနေဖြင့် ကြေကြေလည်လည် နားလည်လက်ခံသဘောတူရန် လိုအပ် ကြောင်း။
မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ်များသည် သမိုင်းတန်ဖိုးကြီးမားသည့်အပြင် အမွေအနှစ်များ၏ လက်ရာ၊ ဗိသုကာတည်ဆောက်ပုံအရ တန်ဖိုးဖြတ်၍မရနိုင်သည့် ထူးခြား ထင်ရှားသည့် အမွေအနှစ်အရင်း အမြစ်များကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ကြစေလိုကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးအတွက် အဆိုပြုစာတွဲအပြည့်အစုံ (Nomination Dossier Complete)ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အချိန်မီတင်ပြနိုင်ရန် အရေးကြီးကြောင်း။
အဆိုပြုစာတွဲ (Nomination Dossier)၊ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (Integrated Management Framework)၊ Plan of Action နှင့် Sectorial Plan (၆)ခုတို့ကို Update ပြုလုပ်ရန်၊ Database အဖွဲ့မှ လိုအပ်သည့် Data များကောက်ယူရန်နှင့် GIS Team မှလိုအပ်သည့် မြေပုံများ ဆက်လက်ရေးဆွဲရန် လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိနေသည့်အတွက် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရေးလုပ်ငန်း ဆောင်ရွက်နေသူများအားလုံးမှ အချိန်မီပြီးစီးအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းနှင့် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးဦးကိုကိုက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


