နေပြည်တော် ဇွန် ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် ပေါင်မြို့နယ် ကန်ဖြူကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး အိမ်ထောင်စု ၂၁၇ စုလူဦးရေ ၁၁၅ ဦး အကျိုးပြုမည့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် သဲဖြူကုန်းကျေးရွာအပါအဝင် ကျေးရွာသုံးရွာမှ တောင်သူဦးရေ ၂၈၀၀ ကျော် အသုံးပြုလျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းဘေးဝဲ/ယာရှိ လယ်ယာစိုက်ပျိုးမြေဧက ၁၀၀၀ ကျော် အကျိုးဖြစ်ထွန်းနေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
တွေ့ဆုံအားပေး
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ သမဝါယစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူများကို သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ နှစ်နှစ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းဆောင်များ၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ထို့နောက် သမဝါယမစာရင်းရေး စာရင်းကိုင် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သမဝါယစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းဖွင့်လှစ်ပို့ချမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း နှစ်နှစ် တက်ရောက်ပြီးပါက အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်ကြောင်း၊ ပြင်တွင်းအလုပ်အကိုင် အခွင့်အလမ်းများဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေးကြိုးစား ဆောင်ရွက်ရန်နှင့် ကျောင်းဆင်းပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးလိုအပ်သည်များ ကူညီပံ့ပိုးပေးရန်၊ ကျောင်းသား၊ ကျောင်းသူများက စာကြိုးစားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စည်းကမ်းရှိရှိနေထိုင်ကြရန်၊ သင်တန်းပြီးမြောက်သည်အထိ အနာဂတ်အတွက်အရေးကြီးသည့် အသက်မွေး ဝမ်းကျောင်းပညာများ တတ်မြောက်အောင် ကြိုးစားလေ့လာသင်ယူကြရန်နှင့် မိမိတို့၏မိသားစုနှင့် နိုင်ငံကိုအကျိုး ကျေးဇူးပြုကြရန် မှာကြားသည်။
ဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် တွေ့ဆုံကာ မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်