နေပြည်တော် မတ် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင် စုနယ်မြေ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ လယ်ယာဂုဏ်ဆောင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံပြီး သမဝါယမအသင်းမှ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများကို သမဝါယမအသင်းပိုင် ဆီစက်များမှ ပွဲစားမလိုဘဲ ဒေသပေါက်ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများ အကျိုး ရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆောင်းနေကြာ စိုက်ပျိုး ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၊ သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်မဆီစက်လည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း၊ စမ်းဝတီသဘာဝမြေဩဇာ စက်ရုံလည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့် ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထွက်ရှိသော သဘာဝမြေဩဇာများကို ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း သမဝါယမအသင်းသား တောင်သူများနှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်