နေပြည်တော် ဇွန် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက၊ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလျာထားမြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ရှေးဦးစွာ စီမံကိန်းလျာထား မြေနေရာနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရုပ်ရှင်လောကသားများ၏ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ချေးငွေများကို ထုတ်ပေးဆောင်ရွက်ပေးနေသကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများကိုလည်း အကောင်အထည်ဖော်ပေးလျက်ရှိပါကြောင်း၊ ယခု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်အထည်ဖော်မည့် ရုပ်ရှင်မြို့တော်စီမံကိန်း (သို့မဟုတ်) ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် မြန်မာ့ရုပ်ရှင်လောက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက မျှော်မှန်းအကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။

စီမံကိန်းကို လျာထားစဉ်းစားရာတွင် ဖြစ်နိုင်ခြေရှိသည့်အပိုင်းမှစတင်၍ ချဉ်းကပ်အကောင် အထည်ဖော်ဆောင်ရွက်စေလိုပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားနိုင်သဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတစ်ခုတည်းက ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းထက် ရုပ်ရှင်လုပ်ငန်းကို စိတ်ပါဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့် ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းမြေနေရာသည် ရန်ကုန်မြို့နှင့်မလှမ်းမဝေးတွင် တည်ရှိနေသည့်အတွက် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများသာမက ပြည်သူများ အပန်းဖြေလုပ်ငန်းများနှင့်ပါ တွဲဖက်လုပ်ကိုင်နိုင်မည်ဟု ထင်မြင်မိပါကြောင်း။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင်များအပေါ်ထားရှိသော စေတနာကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် နာယကဦးအောင်လွင်တို့က ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

ကြည့်ရှုအားပေး

ယမန်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို(A)၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဂုဏ်ပြုဖျော်ဖြေပွဲသို့ တက်ရောက်လာကြသော ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဂုဏ်ပြုပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးကအမှာ စကားပြောကြားရာတွင် နိုင်ငံသူ၊ နိုင်ငံသားများသည် ရုပ်ရှင်၊ သဘင်၊ ဂီတတို့၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုပြီး အတုယူလေ့ရှိရာ အနုပညာရှင်များသည် မိမိတို့အတတ်ပညာဖြင့် ပြည်သူကိုပေးဆပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆန်းသစ်သော သစ်လွင်မှုများဖြင့် လူကြီး၊ လူရွယ်၊ လူငယ်ကြိုက် နှစ်သက်မည့်အစီအစဉ်များကို မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ ထုတ်လွှင့်ပြသပေးလျက်ရှိပါကြောင်း၊ ယနေ့တွင် အနုပညာရှင်များစွာ သိုက်သိုက်ဝန်းဝန်း၊ ပြုံးပြုံးရွှင်ရွှင် တွေ့မြင်ရသည့်အတွက် ဝမ်းသာကြည်နူးရပါကြောင်း၊ အနုပညာရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသော အနုပညာစွမ်းအားနှင့်အညီ ပြည်သူတို့ပြုံးပျော်ရွှင်အောင် ရဲရဲဝံ့ဝံ့ဖြင့် ညီညီညွတ်ညွတ် စွမ်းဆောင်ပေးနိုင်ကြစေလိုပါကြောင်း။

ဇွန် ၂၇ ရက်တွင်ကျရောက်မည့် မြန်မာနိုင်ငံဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဂီတအစည်အရုံး (ဗဟို)အစီအစဉ်ဖြင့် ကျင်းပသော တေးဂီတဖျော်ဖြေပွဲမှသည် အနာဂတ်ကာလတို့တွင် အနုပညာလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဂီတလောကအပါအဝင် စာပေ၊ ရုပ်ရှင်၊ သဘင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တတ်စွမ်းသည့်ဘက်မှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦးလွင်မြင့်က မြန်မာနိုင်ငံဂီတ အစည်းအရုံးကို ၁၉၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တိုင် ရပ်တည်နေသောအဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ဂီတနှင့်မဟာဂီတကို ဦးထိပ်ထားထိန်းသိမ်းလျက်ရှိပြီး မြန်မာမှုကို အခြေခံ၍ ကမ္ဘာ့ဂီတကိုအခြေခံသော ယနေ့လူငယ်များနှင့် ဆီလျော်စွာ အိုင်တီနည်းပညာစက်ပစ္စည်းများနှင့် ဂီတပညာပေါင်းစပ်ထားသည့် ခေတ်သစ်တွင် အခြေခံကောင်းများဖြင့် ဖွဲ့စည်းထားသည့် ဂီတအစည်းအရုံးဖြစ်ပါကြောင်း၊ ဂီတပညာရပ်သည် နိုင်ငံတော်အတွက် အကျိုးရှိစေပြီးနိုင်ငံတော်က တန်ဖိုးထားသောရတနာများလည်းဖြစ်ပါကြောင်း ပြောကြား သည်။

ဖျော်ဖြေတင်ဆက်

ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် မြန်မာပြည်သိန်းတန်၊ ဂျော်နီ၊ စျာန်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊ မင်းသားလေး၊ ရွှေယမင်းဦး၊ အိအိချွန်၊ သီတာသိမ့် ၊ ဇင်သူဇာထွန်း၊ ဇင်သူသူထွန်း၊ ချိုမီမီဇော်၊ ရေဂျီနားနှင့် သွန်းနေနေတို့က ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်က မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)သို့ ငွေကျပ် ၂၅ သိန်းပေးအပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌဦးလွင်မြင့်က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြုပွဲတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

နိုင်ငံတော်သီချင်း မြစ်ဖျားစကားခံရာ တို့ဗမာသီချင်း စတင်ပေါ်ပေါက်ခဲ့သည့် ဇွန်၂၇ ရက်ကို မြန်မာနိုင်ငံဂီတနေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြောင်း၊ သမိုင်းမှတ်တမ်းများအရ ၁၉၃၆ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးညီလာခံတွင် တို့ဗမာသီချင်းကို “အမျိုးသားသီချင်း” အဖြစ် တညီတညွတ်တည်း သတ်မှတ်ပြဋ္ဌာန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်