နေပြည်တော်၊ မတ် ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးသည်။
ဦးစွာရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ ရာဂီမုန်တိုင်း ဒဏ်ကြောင့် ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦများ၊ ရုံးခြံစည်းရိုးများ ပြန်လည်ပြင်ဆင်ထားရှိမှု၊ ပျက်စီးသွားသည့် ရုံးစာရွက်စာတမ်း၊ ပရိဘောဂ ပစ္စည်းများ ပြန်လည်ပြုပြင်ထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ရေစိုပျက်စီးသွားသည့် မှတ်တမ်းများ ပြန်လည်ဆယ်တင်ဆောင်ရွက်ထားမှု၊ နေပြည်တော်ရုံးချုပ်ရှိ e-ID Server အတွင်းရှိ နိုင်-၄ နှင့် အိမ်ထောင်စု လူဦးရေစာရင်းအချက်အလက်များ ပြန်လည်စိစစ်အတည်ပြု ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့သည် မျှော်မှန်း၍ မရသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် မှတ်တမ်းမှတ်ရာများကို နည်းပညာ အသုံးပြုထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်