ရန်ကုန်၊ အောက်တိုဘာ ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ၇နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စားရိပ်သာနှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေး၍ အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သုဝဏ္ဏလူငယ်အားကစား လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကာ အရှေ့တောင်အာရှနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ရှေ့ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ပြောကြားပြီး နိုင်ငံတကာ အဆင့်မီတည်ဆောက်နေသည့် ဖူဆယ်အားကစားရုံ ပြီးစီးမှုနှင့် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ  ပြန်လည် ပြုပြင်မွမ်းမံမှု ပြီးစီးမှုကို လိုက်လံကြည့်ရှုကာ သတ်မှတ်ကာတွင်း ပြီးစီးနိုင်ရေးမှာကြားသည်။

 

mdn

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အဖွဲ့ချုပ် မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဖွဲ့ချုပ်နှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှတ်တရ သစ်ပင်စိုက်ပျိုးပေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်၌  စခန်းဝင် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံအားကစားကွင်း အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို  တွေ့ဆုံပြီး မြန်မာ့အားကစား တိုးတက်အောင်မြင်ရေးအတွက်  အဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့ချုပ်အသီးသီး၏ တင်ပြချက်များအပေါ် ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများကိုတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်