နေပြည်တော် ဇွန် ၂၆          

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပေါင်းလောင်းတမံ၊ ရေထိန်းဆည်(Wier)နှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းတမံနှင့် ရေထိန်းဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းမြစ်ကိုအခြေခံ၍ ပေါင်းလောင်းမြစ်ပေါ်တွင် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံ(၁၄၀)မဂ္ဂါဝပ်၊ နန်ချိုဓာတ်အားပေးစက်ရုံ(၄၀)မဂ္ဂါဝပ်နှင့် အောက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံ(၂၈၀)မဂ္ဂါဝပ်တို့ကို ထုတ်လုပ်လျက်ရှိပြီး အလယ်ပေါင်းလောင်းစက်ရုံကို (၁၆၆)မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စီးဆင်းလာသည့်ရေကို အကျိုးရှိစေရန် ထပ်မံ၍ Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာမှုများကို အချိန်တိုအတွင်း အမြန်ရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ပေါင်းလောင်းရေထိန်းဆည်အတွင်း ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အဦ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးသတိအမြဲရှိစေရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာလွတ်များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကာ ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်၍ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်