နေပြည်တော် ၂၇ ဇန်နဝါရီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး စတုတ္ထ စက်မှုတော်လှန်ရေး Globalization 4.0 သို့ပြောင်းလဲနေချိန်၌ မြန်မာနိုင်ငံမှ ဆောင်ရွက်နေသည့်ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် အစိုးရအကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများအား တွေ့ဆုံအသိပေးပြောကြားခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတကာ လုပ်နည်းလုပ်ဟန်များ၊ best practices များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။
ပည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ(၂၂)ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့် (၂၃)ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးခေါင်းဆောင်ကြီးများ၏ အလွတ်သဘောတွေ့ဆုံသည့် အခမ်းအနားများသို့ ပါဝင်တက်ရောက်ခဲ့သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပသည့် ကာလအတွင်း UNCTAD မှကမ္ဘာနှင့်အဝှမ်း ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးနေခြင်းအပေါ် အဖြေရှာနိုင်ရေးအတွက် ရည်ရွယ်ကျင်းပ ပြုလုပ်သည့် High Level Roundtable on Global Investment Trends တွင် ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ်ပါ ဝင်ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပမှ တာဝန်သိ၍ အရည်အသွေးနှင့်ရေရှည်တည်တံ့မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရေးအတွက် ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေးအတွက် ဥပဒေပိုင်း၊ အဖွဲ့အစည်းနှင့်လုပ်ထုံး လုပ်နည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးများနှင့်တွေ့ဆုံ၍ ကောင်းမွန်သည့် အတွေ့အကြုံများဖလှယ်ရေး၊ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့သည်။
ထို့ပြင် Briding the Asian Demographic Divide ၊ Shaping ASEAN’s agenda in the Global Context ၊ Smarter, Better, Faster Trade စသည့်ခေါင်းစဉ်များဖြင့်ကျင်းပသည့် ဆွေးနွေးပွဲများတွင်လည်း အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်နေသည့် ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည့်အပြင်၊ မြန်မာနိုင်ငံတွင်စိန်ခေါ်မှု အချို့ရှိနေသေးသော်လည်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများမြောက်များစွာ ရှိနေခြင်း၊ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းဖန်တီးနေခြင်း၊ ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းတို့ကို အသိပေးပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးမှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း၊ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ sideline event တစ်ခု အဖြစ်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အဖွဲ့ဝင်နိုင်ငံအချို့မှ E-Commerce သဘောတူညီချက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် ကတိကဝတ်ပြုထားသည့် ဒုတိယအကြိမ် Joint Statement on E-Commerce ထုတ်ပြန်သည့် ဝန်ကြီးအဆင့် အလွတ်သဘောအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပြီး ယင်းထုတ်ပြန် ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို မိန့်ခွန်းတစ်ရပ်ပါဝင်ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့်စိန်ခေါ်မှုများရှိနေလင့်ကစား Joint Statement on E-Commerce ကိုအခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်ထောက်ခံခဲ့ ကြောင်း၊ digital economy ရေစီးကြောင်းတွင် အောင်မြင်စွာပြောင်းလဲ လိုက်ပါနိုင်ရေး အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ကွန်ယက်များ၊ online ဝန်ဆောင်မှုများ ပိုမိုတိုးတက်ချဲ့ထွင်နိုင်ရေး၊ အစိုးရဝန် ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရေးကို ဆက်လက်အလေးပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အရည်အသွေးပြည့်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ဖြင့် structural reforms များကိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးကာလအတွင်း WEF မှအကြီးအကဲများ၊ ICRC ဥက္ကဋ္ဌ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင်၊ Prudential ကုမ္ပဏီဥက္ကဋ္ဌ၊ JICA ဥက္ကဋ္ဌ၊ Sumitomo Corporation ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်၊ Oredoo ကုမ္ပဏီဥက္ကဋ္ဌ၊ GE Gas Power ကုမ္ပဏီဥက္ကဋ္ဌ၊ Telenor ကုမ္ပဏီ၊ ထိုင်းနိုင်ငံ Amata Corporation၊ အမေရိကန် နိုင်ငံ Visa ကုမ္ပဏီ၊ အီတလီနိုင်ငံ Geox ကုမ္ပဏီတို့မှ အကြီးအကဲများ အပါအဝင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများအား သီးခြားစီ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
ယခုနှစ်ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲ (၆၅)ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဆင့် (၃၀ဝ) ကျော်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထိပ်တန်းအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အမှုဆောင်အရာရှိချုပ်အဆင့် (၈၀ဝ) ကျော် အပါအဝင်နိုင်ငံ ပေါင်း(၁၃၀) ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀ဝ၀) ကျော်တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)