နေပြည်တော်   ၁   ဒီဇင်ဘာ 

အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ် ချက်မှာ မြန်မာနိုင်ငံရှိ အနည်းဆုံးအခကြေးငွေ မူဝါဒဆိုင်ရာ လူမှုရေးဆွေးနွေးမှုလုပ်ငန်းစဉ် ကို ပိုမိုအားကောင်း ခိုင်မာလာစေရန်ဖြစ်ပြီး ပါဝင် ဆက်နွယ်သူအားလုံး၏ သဘောထား အမြင်ကို ဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ နည်းဥပဒေ ၂၄ (ဃ) အရ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများသည် အမျိုးသား ကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် စပ်လျဉ်း၍ ပြောင်းလဲလာသော အခြေအနေအရပ်ရပ် တို့နှင့်အညီ နှစ်နှစ်လျှင် တစ်ကြိမ် စိစစ်ပြီး ပြင်ဆင်သတ်မှတ်နိုင်ရေး အနည်းဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်သင့်သည့် နှုန်းထားများကို အမျိုးသားကော်မတီထံ အကြံပြုတင်ပြရမည်ဖြစ်ကြောင်း။

အမျိုးသားကော်မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီများကို လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် အခြေခံ သင့်သည့်အချက်များကို စစ်တမ်းကောက်ယူပြီး စိစစ်တွက်ချက်ခြင်း၊ ပြင်ဆင်သတ်မှတ်ရာ တွင် အခြေခံသင့်သည့်အချက်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များကို လေ့လာပြီး သတ်မှတ်သင့်သည့်နှုန်းထားများကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် လေ့လာစိစစ်ကာအနည်း ဆုံးအခကြေးငွေပြင်ဆင် သတ်မှတ်နိုင်ရေး အကြံပြုချက်များကို အမျိုးသားကော်မတီသို့ ပြန်လည် တင်ပြရန်လမ်းညွှန် ခဲ့ပါကြောင်း။

အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ရာတွင် အထောက်အကူဖြစ်စေရန် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှ ကောက်ယူနေသည့် ၂၀၁၉ ခုနှစ် ဒုတိယအကြိမ် နှစ်စဉ် လုပ်သားအင်အားစစ်တမ်းတွင် အိမ်ထောင်စုများနှင့် နေထိုင်စားသောက်စရိတ်ဆိုင်ရာအပိုင်း ကို ထည့်သွင်းကောက်ယူခဲ့ပါကြောင်း၊  ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးရာတွင် ရေရှည်လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ အလုပ်သမားများအတွက် အခြေခံလိုအပ်ချက် များ ပြည့်မီစေရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်သည့် နိုင်ငံ၏ ဂျီဒီပီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အားဖြစ်စေမည့် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ဘက်ပေါင်းစုံက လွှမ်းခြုံ စဉ်းစားပြီး ဆွေးနွေးပေးစေလိုကြောင်း၊ ထို့ပြင် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ် နိုင်ရန် နိုင်ငံတကာ အတွေ့အကြုံများ နှင့်ချိန်ဆပြီး အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အနည်းဆုံး အခကြေးငွေကို ခေတ်နှင့်လျော်ညီအောင် မည်သို့သတ်မှတ်သင့်သည်ကို ပြန်လည်သုံးသပ်ပြီး ဝိုင်းဝန်း ဆွေးနွေးအဖြေရှာမည်ဖြစ်သည့်အတွက် များစွာအကျိုးရှိလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက အနည်းဆုံးအခကြေးငွေ အမြင်သဘောထား၊ ကုန်ထုတ်စွမ်းအားကို အကဲဖြတ်ခြင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်သည့်ပုံစံနှင့် မူဝါဒ ခေါင်းစဉ်များခွဲ၍ ဆွေးနွေးကြပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစဉ်များချမှတ်ကာ အလုပ်သမား ၁၅ ဦးနှင့်အထက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ မြန်မာတစ်နိုင်လုံး တစ်ပြေးညီ တစ်နာရီလျှင် ငွေကျပ် ၄၅၀ နှုန်းဖြင့် အလုပ်ချိန် (၈)နာရီ (တစ်ရက်)အတွက် ငွေကျပ် ၃၆၀ဝ ကို ၂၀၁၅ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သတ်မှတ်ခဲ့သည်။

သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ပြောင်းလဲလာသော အခြေ အနေ အရပ်ရပ် တို့နှင့်အညီ ပြန်လည်သုံးသပ်မှုများဆောင်ရွက်ရန် အမျိုးသားကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဒုတိယအကြိမ် ပြန်လည် ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အမျိုးသားကော်မတီက လုပ်ငန်းစဉ် ၅ ရပ်ချမှတ်၍ အနည်းဆုံး အခကြေးငွေကို အလုပ်သမား ၁၀ ဦးနှင့်အထက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ မြန်မာတစ်နိုင်လုံးတစ်ပြေးညီ တစ်နာရီလျှင် ငွေကျပ် ၆၀ဝ နှုန်းဖြင့် တစ်ရက် (၈)နာရီအလုပ်ချိန်အတွက် ငွေကျပ် ၄၈၀ဝ ကို ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင် ပြင်ဆင်သတ်မှတ်ခဲ့သည်။ 

(သတင်းစဉ်)