နေပြည်တော် ၁၁ ဩဂုတ်

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့မွန်းလွဲ ၃ နာရီခွဲက လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ သွားရောက်ကာ သာသနာ့ဗိမာန်အတွင်း ပါကေးခင်းကျင်းထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ စေတီတော်ကြီးအား လက်ဝဲရစ် လှည့်လည် ပူဇော်ပြီး ဂန္ဓကုဋိတိုက် အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်၊ အနောက်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် စကျင်ကျောက်အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တံခွန်တိုင်အောက်ခြေ စကျင်ကျောက် အချောသတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဂန္ဓကုဋိတိုက်အတွင်းရှိ ရပ်တော်မူ စကျင်ဗုဒ္ဓရုပ်ပွားတော် အချောသတ်လုပ်ငန်း ဆောင်ရွက်နေမှု၊ ဆင်းတုတော်နောက်ကျော တကဲရွှေဆေးခြယ်သထားမှု၊ ကားပါကင်အတွင်း အရိပ်ရအပင် စိုက်ပျိုးထားရှိမှုနှင့် စေတီတော်ပရိဝုဏ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အချောသတ်လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ထာဝရငြိမ်းချမ်းရေးစေတီတော် စကျင်ကျောက်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စေတီတော်ဘက်စုံအချော သတ်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စနစ်တကျကောင်းမွန်အောင် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် စေတီတော်ပတ်လမ်း ခင်းကျင်းဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်