မင်းဘူး ၃၁ မတ်
မင်းဘူးမြို့၊ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ (၁၇၉)ဦးအား COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေ့စဉ် (၂)ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
“COVID-19 ရောဂါဟာဆိုရင် စောစီးစွာစစ်ဆေးကုသမှုခံယူခြင်းဖြင့် မိမိနှင့်တကွ မိမိ၏မိသားစု၊ မိမိ၏ပတ်ဝန်းကျင်အားလုံးတို့အတွက် ရလဒ်ကောင်းများဖြစ်ထွန်းနိုင်မှာဖြစ်ပါတယ်၊ ၁၄ ရက်တာကာလ အကန့်အသတ်ဖြင့် နေထိုင်ခြင်းသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးတွင် လွန်စွာအရေးကြီးပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တစ်နေ့ကို (၂)ကြိမ်နှုန်း ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်၊ ရောဂါမပြန့်ပွားရေးအတွက် လူစုလူဝေးများ မပြုလုပ်ကြဘဲ တစ်ယောက်နှင့် တစ်ယောက် ၃ ပေခြား နေထိုင်ကြပြီး၊ အစားအသောက်၊ အသွားအလာ၊ အနေအထိုင်ကအစ သန့်ရှင်းစွာ နေထိုင်ကြရမှာဖြစ်ပါတယ်၊ လက်ကိုမကြာခဏ ဆေးကြောကြရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုတစိုက် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်” ဟု ကျန်းမားရေးမှူး ဦးမင်းမင်းဇော်က ပြောသည်။
အဆိုပါ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ယခုလက်ရှိ ပြည်ပနိုင်ငံများမှပြန်လာသူ ကျား(၈၆)ဦး၊ မ(၉၃)ဦး၊ စုစုပေါင်း (၁၇၉)ဉီးတွင် COVID-19ရောဂါ နှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးတစ်ယောက်မျှ မရှိသေးပါကြောင်းနှင့် သတ်မှတ် ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


