တံတားဦး ၅ ဇွန်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံနှင့် တံတားဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကာလအတွင်း အခက်အခဲ ဖြစ်နေကြသည့် တောင်သူများအား ပြည်တော်ရင်စပါးမျိုးနှင့် ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တံတားဦးမြို့နယ် မြင်းသည်နည်းပညာပေး စင်တာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်သုတေသနခြံ ဦးစီးမှူး ဦးတင့်လွင်က မျိုးစပါးထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ မျိုးသန့် မျိုးပွား၊ မျိုးစေ့နည်းပညာများအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က တောင်သူများအတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်ရေးအကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပြည်တော်ရင်စပါးမျိုးနှင့် ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါမျိုးများကို တောင်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ ပြည်တော်ရင်စပါးမျိုး၏ သက်တမ်းမှာ ရက်ပေါင်း (၁၂၅)လောက်သာဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်ကြောင်း၊ ဒီစပါးမျိုးဟာ စိုက်ပျိုးရေ အလုံအလောက်မရရှိသော တောင်သူများအတွက် အထူးသင့်တော်ပါကြောင်း၊ အထူးသဖြင့် မိုးကောင်းသောက် တောင်သူများအတွက် ကိုက်ညီကြောင်း၊ ထိုအတူ ရွှေတောင်(၁၀)ချည်မျှင်ရှည်ဝါဟာ မိုးခေါင်ပြီး ရေငတ်ဒဏ်နှင့် စုပ်ပိုးဒဏ်ကိုခံနိုင်ကြောင်း၊ ဝါအထွက်ကောင်းပြီး သက်တမ်းတိုခြင်း၊ ဝါလှခြင်း၊ ဝါဂွမ်းအထွက်နှုန်း ကောင်းခြင်း၊ ဝါဂွမ်းချောခြင်း သီးလုံးဖောက်ပိုးဒဏ် ကာကွယ်နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးမှူး ဦးခင်မောင်သန်းက ပြောသည်။
ပြည်တော်ရင်မျိုးစပါးများကို အင်းကူးကျေးရွာ၊ သပွတ်ပင်ကျေးရွာ၊ ချောင်းခွကျေးရွာနှင့် သင်တိမ်းကျေးရွာ တို့အတွက် စပါးမျိုးတင်း (၅၀)ကိုလည်းကောင်း၊ ဝါမျိုးကိုတော့ ငါးဇင်ရိုင်းရွာမှ ချည်မျှင်ရှည်ဝါ အထူးဇုန် (၅၀)ဧက အတွက် ဝါမျိုးစေ့ ပိဿာချိန်(၁၅၀ဝ)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


