ပြည်တော်သာ(စစ်တွေ) - ‌ရေချမ်းပြင်ရထားလမ်းပိုင်းတွင် RBE ရထား မတ် ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲမည်

နေပြည်တော်၊ မတ် ၂၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင်ရထားလမ်းပိုင်း (၁၄ ဒသမ ၄၆)မိုင်ကို ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် RBE ရထား ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်သည်။

 

အဆိုပါ ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင်ရထားလမ်းပိုင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်မှစ၍ ရထားပြေးဆွဲခြင်း ယာယီရပ်နားခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာခြင်းနှင့် ဒေသခံပြည်သူများ၏ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် RBE ရထား ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်သည်။

 

ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရန် RBE စက်ခေါင်းများ ကြံ့ခိုင်ရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်း၊ ရထားလမ်းပိုင်း သံလမ်းတာဘောင် ရေတိုက်စားမှုပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသားတာဘောင် နိမ့်ဆင်းခဲ့သည့် ပေ(၄၀)အရှည် ဇောပူဂျာတံတားကို ဘေလီတံတားထိုး ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 

သို့ဖြစ်၍ ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်းတွင် ပြည်တော်သာဘူတာမှ စတင်၍ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီကုန်းဘူတာနှင့် ရေချမ်းပြင်ဘူတာများ၌ ဘူတာစဉ်များအလိုက် ရပ်တန့်ပေးသွားမည်ဖြစ်ပါသည်။ ပြေးဆွဲရာတွင် ပြည်တော်သာဘူတာမှ နံနက်(၇)နာရီတွင် ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နံနက်(၈)နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ရေချမ်းပြင်ဘူတာမှ နံနက်(၁၀)နာရီတွင် ပြန်လည်ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ နံနက်(၁၁)နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး နေ့စဉ်အသွား/အပြန် နှစ်ခေါက်ကို မတ် ၂၄ ရက်မှ စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ခရီးသွားမိဘပြည်သူများ သိရှိနိုင်ရေး ကြိုတင်အသိပေး ကြေညာထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

သတင်းစဉ်