နေပြည်တော် ဇန်နဝါရီ ၃
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မချောစုနှင့် မသဲအိဖြူ (ခ) သဲစု တို့က လှိုင်သာယာမြို့နယ်နေ မ xxx ၊ ၁၃ နှစ် ကို ခြိမ်းခြောက်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် သောင်ကြီးနယ်မြေရဲစခန်း (ပ)၈/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ မချောစုနှင့် မသဲအိဖြူ (ခ) သဲစု တို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာနေ ဒေါ်မြမြသန်းက ၎င်းအလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မ xxx ၊ ၁၅နှစ်ကို ခြိမ်းခြောက်၍ မှော်ဘီမြို့၊ မြောင်းတကာ စက်မှုဇုံနေ တရုတ်နိုင်ငံသား ဝမ်ဆွင့်ဟုန်နှင့် ပြည့်တန်ဆာအဖြစ် ဆက်ဆံရန် အဓမ္မ ခိုင်းစေကာ အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်း (ပ) ၅၇၇/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ ဒေါ်မြမြသန်း ကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ခင်ခင် (ခ) အကြင်နာက ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မ xxx ၊ ၂၃နှစ် ကို အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်ရန် စည်းရုံး ပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း (ပ)၁၄၃၃/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ ခင်ခင် (ခ) အကြင်နာကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်