ပြည်တွင်း စားသုံးမှုနှင့် လုပ်ငန်းခွင် အသုံးပြုမှုကို မထိခိုက်စေရန်အတွက် အသက် ၅ နှစ်အောက် ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ခြင်း ခွင့်မပြု

mdn

နေပြည်တော် ၁၆ ဖေဖော်ဝါရီ

 

ကျွဲ၊ နွား မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ စီးပွားဖြစ် မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကျွဲ၊ နွားအရှင်များအား ပြည်တွင်း စားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှုကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုလျက်ရှိရာ ယခုလ ၉ ရက်အထိ ကျွဲ၊ နွား ကောင်ရေ တစ်သောင်းကျော် ပြည်ပသို့ တင်ပို့ထားပြီးဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

"ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ကုမ္ပဏီပေါင်း ၁၀၁ ခုကနေ ကျွဲ၊ နွားစုစုပေါင်း ကောင်ရေ တစ်သောင်း ကျော် တင်ပို့ထားပြီဖြစ်ပါတယ်။ ဒီထဲမှာ နွားကောင်ရေ ၉၀၃၇ ကောင်နဲ့ ကျွဲကောင်ရေ ၁၀ဝ၃ ကောင် ဖြစ်ပါတယ်။ ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့ခြင်းကို ၂၀၁၇ ဒီဇင်ဘာလအတွင်းက ကုမ္ပဏီ ၈ ခုကနေ အကောင် ၈၀ဝ တင်ပို့ခဲ့တယ်။ ၂၀၁၈ ဇန်နဝါရီလတွင်  လုပ်ငန်းတွေ လည်ပတ်သွားပြီဖြစ်တဲ့အတွက် ကုမ္ပဏီပေါင်း ၇၆ ခုကနေ ကောင်ရေ ၇၅၈၀ တင်ပို့ခဲ့တယ်။ ဖေဖော်ဝါရီ ၁ ရက်ကနေ ၉ ရက်အတွင်း ကုမ္ပဏီပေါင်း ၁၇ ခုက ၁၆၆၀  တင်ပို့ခဲ့တယ်" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

 

ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တင်ပို့ရန်အတွက် တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက် လက်မှတ်ပေါင်းချုပ်ရရှိရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်ချက်များမှာ ကုမ္ပဏီမှ တင်ပို့မည့် နိုင်ငံ၊ မွေးမြူရေးခြံ မှတ်ပုံတင်/ယာယီစုဆောင်းရပ် အတည်ပြု လက်မှတ်မိတ္တူ၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်မိတ္တူ၊ ယာယီစုဆောင်းရပ် ထားရှိမည့်နေရာ၊ ကုန်အရောင်းအဝယ်စာချုပ်၊ ကုန်ပစ္စည်းအမှာလွှာ၊ တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့်စစ်ဆေးရေး စခန်းတွင်း ထားရှိ၍ ကျန်းမာရေးစစ်ဆေးမှု ခံယူမည်ဖြစ်ကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တည်ဆဲဥပဒေ များကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံချက်တို့ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ထံ လိပ်မူလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ရာတွင် ကျွဲ၊ နွားများ သယ်ဆောင်ရာလမ်းကြောင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ကြားစခန်းများတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပြီး မန္တလေး-မူဆယ် လမ်းကြောင်း၌ ၁၆ မိုင် စစ်ဆေးရေးခန်း၊ ရေပူစစ်ဆေးရေးစခန်းနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တို့တွင်လည်းကောင်း၊ ရန်ကုန်-မြဝတီ လမ်းကြောင်း၌ မရမ်းချောင် စစ်ဆေးရေးစခန်းနှင့် မြဝတီ ကုန်သွယ်ရေးဇုန် တို့တွင်လည်းကောင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့ရာတွင် ကန့်သတ်ချက်များလည်း သတ်မှတ်ထားပြီး ကန့်သတ်ချက် များတွင် ပြည်တွင်း စားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှုကို မထိခိုက်စေရန်အတွက် အသက် ၅ နှစ်အောက် ကျွဲ၊ နွားများကို ပြည်ပသို့ တင်ပို့ခြင်း မပြုသည့် အချက်လည်း ပါဝင်ကြောင်း သိရသည်။

 

ရှင်မင်း