ပြည်တွင်း ကြက်သွန်နီဈေး မြင့်တက်လာမှုကြောင့် ဈေးပေါသည့် တရုတ်ကြက်သွန်နီများ ဝင်ရောက်လာ

mdn

မန္တလေး ၂၁ စက်တင်ဘာ

 

ပြည်တွင်း ကြက်သွန်နီဈေးများ မြင့်တက်လာမှုကြောင့် ဈေးပေါသည့် တရုတ်နိုင်ငံမှ ကြက်သွန်နီများ ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်းမန္တလေးမြို့ ကြက်သွန်ပွဲရုံ အသိုင်းအဝိုင်းမှ သိရသည်။

 

လာမည့်အောက်တိုဘာလကုန်ခန့်မှာ မိုး ကြက်သွန်နီအသစ်များ စတင်ပေါ်ပေါက်မည်ဖြစ်ပြီး ကြက်သွန်နီ အသစ်များ မပေါ်မီကြားကာလ တစ်လကျော်အတွင်း ပြည်တွင်း၌ ကြက်သွန်နီလက်ကျန် နည်းပါးလာသည်။ သည့်အတွက် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၇၀ဝ ခန့်ထိ ဈေးနှုန်းတက်သွားပြီး လက်ရှိတရုတ်နိုင်ငံမှ ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာသည့်အတွက် ပြည်တွင်း ကြက်သွန်နီဈေး နှုန်းများ တည်ငြိမ်သွားနိုင်ကြောင်း သိရသည်။

 

"တရုတ် ကြက်သွန်တွေလဲ သွင်းနေကြတယ်။ တောင်သူတွေ လက်ထဲမှာလည်း လက်ကျန်က အထိုက်အလျောက် ရှိနေသေးတဲ့အတွက် လက်ရှိဈေးနှုန်းအတိုင်းပဲ ဆက်ရှိ နေနိုင်ပါတယ်။ အတက်အကျ ကတစ်ပိဿာကို ငွေကျပ်၁၀ဝ၊ ၂၀ဝ လောက်ပဲရှိနိုင်ပါတယ် " ဟု မန္တလေး မြို့ ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောပြသည်။

 

လက်ရှိ မန္တလေးကြက်သွန်နီ ဈေးကွက်တွင် ပွဲရုံဈေး ထိပ်စ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀ဝ၊ အောက်စ တစ်ပိဿာလျှင် ငွေကျပ် ၉၀ဝ ဈေးရှိပြီး လာမည့်နိုဝင်ဘာလတွင် ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီးနှင့် ကူမဲ ဒေသရှိ မိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်မည်ဖြစ်ပြီး ရာသီဥတုအခြေအနေ ကောင်းမွန်ပါက ကြက်သွန်နီဈေး ဆက်လက်တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

" အခု တရုတ်ကြက်သွန်နီက တစ်ပိဿာကို ငွေကျပ် ၈၀ဝလောက် နဲ့ ဝင်နေတယ်လို့ ကြားတယ်။ တရုတ်နိုင်ငံက ကြက်သွန်နီဝင်လာလို့ ဈေးကပြန်အေးသွားတယ်။ ပြည်တွင်း ကြက်သွန်ကတော့ ဈေးမြင့်တက်ခဲ့တဲ့အတွက် မန္တလေးမြို့ကို တစ်ရက် ပိဿာချိန် ၃၀ဝဝဝ လောက်ပဲ အနုတ်အသိမ်းရှိတော့တယ်။ ဒီဈေးလောက်နဲ့ပဲငြိမ်သွား နိုင်ပါတယ်။ ထပ်ပြီးဈေးတက်စရာမရှိနိုင်တော့ပါဘူး " ဟု မန္တလေးမြို့မှ ကြက်သွန်ကုန်သည်တစ်ဦးက ပြောပြသည်။

 

ကြက်သွန်နီစိုက်တောင်သူနှင့် ကုန်သည်များ စုပေါင်း၍ ပြည်တွင်း ကြက်သွန်နီနှင့် တရုတ်ကြက်သွန်နီ နှိုင်းယှဉ်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 သူရိန်လင်း

Photo- Ministry of Commerce