နေပြည်တော်၊ ဇူလိုင် ၂၉

စားရေရိက္ခာဖူလုံပိုလျှံစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် လယ်ယာလုပ်ငန်းခွင်တွင် အရည်အသွေး ကောင်းမွန်ပြည့်ဝသည့် စိုက်ပျိုးရေး သွင်းအားစုများကို တောင်သူများ စနစ်တကျအသုံးပြုနိုင်စေရေးအတွက် ဓါတ်မြေဩဇာ မှတ်ပုံတင်လျှောက်ထားခြင်း၊ တင်းသွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများအပေါ် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ထိန်းကျောင်းကြပ်မတ်လျက်ရှိရာတွင် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့က လိုအပ်သော နည်းပညာဆိုင်ရာ အချက်အလက်များ စိစစ်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြေဩဇာများ၏ အရည်အသွေးပြည့်မီမှု ရှိ မရှိ OGA Approval ပေးခြင်း ကိစ္စရပ်များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ MACCS System နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုကာလသည် နိုင်ငံတစ်ဝန်း၌ ရေကြီးရေလွှမ်းခြင်းဖြစ်စဉ်များ ရှိနေသဖြင့် သီးနှံ စိုက်ခင်းများ ထိခိုက်မှုရှိလာနိုင်ကြောင်း၊ အဆိုပါ ထိခိုက်မှုများအပေါ် သွင်းအားစု ဓါတ်မြေဩဇာများကို အသုံးပြု၍ ပြန်လည်ကုစားနိုင်ရေးကို မိမိတို့ကျွမ်းကျင်သည့် နည်းပညာရပ်များ အသုံးချဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေအမျိုးအစား သီးနှံအမျိုးအစားပေါ်မူတည်၍ အကျိုးရှိ အထိရောက်ဆုံး သုံးစွဲနိုင်မည့် ဓါတ်မြေဩဇာ အမျိုးအစားနှင့် အချိုးအဆကို တောင်သူများ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊  အလားတူ ဓါတ်မြေဩဇာ ဈေးနှုန်းတည်ငြိမ်ရေးနှင့် အရည်အသွေးပြည့်ဝရေးကို သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း  ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့၏ (၄၃) ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တိုးဒေသကြီး ပြည်နယ် (၆) ခုရှိ ကုမ္ပဏီ (၅၈) ခုတို့က ထုတ်လုပ်သော ဓါတ်မြေဩဇာ (၁၄၅) မျိုးနှင့် ပြည်ပမှ တင်သွင်းမည့် ဓါတ်မြေဩဇာ (၂၇၈) မျိုးတို့၏ အချက်အလက်များကို နည်းပညာရှုထောင့်မှ စိစစ်သုံးသပ် ဆွေးနွေးကြပြီး မြေဩဇာကော်မတီသို့ ဆက်လက်ပေးပို့တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်