၂၅ မေ 

 

ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံစျေး အနည်းငယ်ပြန်ကျကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က မေ ၂၅ တွင် ပြောသည်။

 

ပြီးခဲ့သည့်လ မဟာအတာသကြ်န်အပြီး မတ်ပဲ တစ်တန်လျှင် ကျပ် ၉၉၅၀၀၀ မှ ကျပ် ၁၀၀၀၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် မတ်ပဲတစ်တန်လျှင် ကျပ် ၉၆၀၀၀၀ မှ ကျပ် ၉၆၅၀၀၀ အထိ အနည်းငယ် ကျဆင်းခဲ့သည်။

 

အလားတူ ပြီးခဲ့သည့်လ မဟာအတာသကြန်အပြီး ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၈၀၀၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ပဲ စင်းငုံတစ်တန်လျှင် ကျပ် ၇၇၀၀၀၀  အထိ အနည်းငယ် ကျဆင်းခဲ့သည်။

 

ထိုသို့ ပဲစျေးအနည်းငယ် ပြန်ကျခြင်းမှာ အိန္ဒိယ၏ ပဲတင်သွင်းမှု မူဝါဒ အပြောင်းအလဲများကြောင့် ဖြစ်ကြောင်း ဦးမင်းကိုဦး က ဆက်ပြောသည်။

 

အိန္ဒိယအစိုးရအနေဖြင့် ယခင် ပြည်ပမှ တင်သွင်းမည့် မတ်ပဲတန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော်လည်း မေလ ၂၂ ရက်ကမူ အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်ဟု အသိပေးစာထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

 

‘‘ပြောရင်တော့ ဒီကမ္ဘာ့အင်အားကြီးနိုင်ငံ တော်တော်များများကလည်း အခု ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် မူဝါဒကို ခပ်ပြတ်ပြတ်ချနေကြတာ၊ အခု လက်ရှိ ကောက်ပဲသီးနှံမှာ ဒါတွေ မြင်လာရပြီးတော့ ဒီဥစ္စာဆိုလည်း ကျွန်တော်တို့ သုံးသပ်တာ သူ(အိန္ဒိယ)က စက်တင်ဘာမှာ ထွက်လာမယ့်ပဲကို သွားပြီး အခက်အခဲ ဖြစ်မှာစိုးရိမ်တဲ့အတွက် သြဂုတ်လကုန် နောက်ဆုံးထားပြီး ပို့ဆိုတဲ့ပုံစံမျိုး လုပ်တာပေါ့လေ။ အကယ်၍ စက်တင်ဘာ ပဲထွက်ရာသီမှာ အထွက်နှုန်း မကောင်းခဲ့ရင်တော့ ကျိန်းသေတာပေါ့၊ နောက်ထပ် Extension ရက်တွေ တိုးပေးပြီး ထပ်ပြီးသွင်းခိုင်းမှာပေါ့၊ အကယ်၍ စက်တင်ဘာ ပဲထွက်ရာသီမှာ အထွက်နှုန်း ကောင်သွားရင်တော့ ဒါနဲ့ဘဲ ရပ်ရင်ရပ်မလား မပြောတတ်ဘူး၊ သူတို့ရဲ့ မူဝါဒ ဖြစ်သွားပြီ"ဟု ဦးမင်းကိုဦး က ပြောသည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။ 

 

Nyein Nyein