ညောင်ဦး ၂ ဇန်နဝါရီ      

 

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဆုတောင်းပြည့် စွယ်တော်လေးဆူဘုရားများအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော်ကြသဖြင့် ဗူးဘုရားအနီး ဧရာဝတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်များ တန့်ကြည့်တောင် ဘုရားကြီးသို့ ခေါက်တုန့်ခေါက်ပြန် ဘုရားဖူးဧည့်သည်များကို ပို့ဆောင်ပေးရာ ဝင်ငွေကောင်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း အဆိုပါ ဗူးဘုရားဧရာဝတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်များထံမှ သိရသည်။

 

5

 

ကျွန်တော်တို့ ပုဂံညောင်ဦးဒေသကို နှစ်သစ်ရုံးပိတ်ရက်မှာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ လာရောက်မှုအရမ်းများပါတယ်။ ဘုရားဖူးလာကြတဲ့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များက ကျွန်တော်တို့ ဒေသက ရှေးဟောင်းသမိုင်းဝင် စွယ်တော်လေးဆူဖြစ်တဲ့ ရွှေစည်းခုံစွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီနဲ့ ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ပခုက္ကူမြို့နယ်က တန့်ကြည့်တောင် စွယ်တော်မြတ်စေတီတို့ကို အားထားဖူးမြော် ကြသူများပါတယ်။ စွယ်တော်လေးဆူကို အဓိဌာန်နဲ့ လိုရာဆုတစ်ဆုကို တောင်းပြီး (၁၂)နာရီ မကျော်ခင် အပြီးဖူးမြော်ရင် ဆုတောင်းပြည့်ပါတယ်။ ဒါ့ကြောင့် ပုဂံညောင်ဦးကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေက မိမိယုံကြည်ရာ အဓိဌာန်နဲ့ စွယ်တော်လေးဆူကို သွားရောက်ဖူးမြော်ကြသူများပြီး ကျွန်တော်တို့ ဗူးဘုရားအနီး ဧရာတီမြစ်ဆိပ်ရှိ စက်လှေလုပ်ငန်းရှင်တွေ တန့်ကြည့်တောင်ဘုရားကို ခေါက်တုန့် ခေါက်ပြန် ပို့ပေးနေရပါတယ်။ တန့်ကြည့်တောင်ဘုရားကို ပို့ဆောင်ပေးတဲ့ စက်လှေဈေးနှုန်းကတော့ စက်လှေတစ်စီးကို အနည်းဆုံး ငွေကျပ် ၂၀ဝ၀ဝ မှ အများဆုံး ငွေကျပ် ၃၅၀ဝ၀ အထိ ရှိပါတယ်။ ဘုရားဖူး ဧည့်သည်တွေ စိတ်အေးချမ်းစွာ သွားရောက်ဖူးမြော်နိုင်ရေးအတွက် စက်လှေစီးရေပေါင်း ၂၀ဝ ကျော် စီစဉ်ထားရှိပါတယ်။ ယခုရက်ပိုင်း နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်တာမို့ ကျွန်တော်တို့ ပုဂံညောင်ဦး ဒေသကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ လာရောက်မှုများပြီး စွယ်တော်လေးဆူကို ဖူးမြော်တဲ့ ဘုရားဖူးဧည့်သည်တွေကို ခေါက်တုန့်ခေါက်ပြန် စက်လှေပို့ဆောင်ပေးရလို့ စက်လှေလုပ်ငန်းရှင်များ ဝင်ငွေကောင်းပြီး အဆင်ပြေနေကြပါတယ် ဟု ဗူးဘုရားအနီး ဧရာဝတီမြစ်ဆိပ်မှ စက်လှေ လုပ်ငန်းလုပ်ကိုင်သူ ကိုထိုက်က ပြောသည်။

 

96

 

ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များမှာ ဘုရားများသို့ သွားရောက်ဖူးမြော်ရာ၌ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ အဖွဲ့လိုက်စုပြီး Express ကားကြီးများဖြင့်လည်းကောင်း၊ ပုဂံညောင်ဦးမြို့ပေါ်ရှိ သုံးဘီးဆိုင်ကယ်များ၊ စက်ဘီးဆိုင်ကယ်များ၊ စက်ဘီးများ၊ မြင်းလှည်းများ စသဖြင့် သွားရောက်ဖူးမြော်ကြကြောင်း၊ တစ်ချို့သော ဘုရားဖူးဧည့်သည်များက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံညောင်ဦးဒေသရှိ ဘုရားစေတီပုထိုးများ၏ သဘာဝအလှတရားများကို ဝေဟင်ထက်မှ ကြည့်ရှုလိုသူများက မီးပုံးပျံ (Balloon) စီးနင်း၍ လည်ပတ်ကြသူများရှိသလို တစ်ချို့ကလည်း အဓိဌာန်ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စွယ်တော်လေးဆူဘုရားကို အားထားဖူးမြော်ကြကြောင်း သိရသည်။

 

9

 

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပုဂံညောင်ဦးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ဖူးမြော်ကြရာ ဘုရားဧည့်သည်များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ညောင်ဉီး မြို့နယ် အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ဘုရားစေတီပုထိုးများရှိ ဂေါပက အဖွဲ့များက ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)