ရန်ကုန် ၃ အောက်တိုဘာ 

ပြည်တွင်း ပြည်ပမှ စက်မှုလက်မှုလုပ်ငန်းပေါင်း ၇၀ ကျော်ပါဝင်ပြသသည့် MYANMAR BUILD & DECOR 2019 ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza တွင် ပြုလုပ်သည်။

အဆိုပါ ပြပွဲကို ထိုင်းနိုင်ငံ ICVeX ကုမ္ပဏီက ကြီးမှူး၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ စသည့် အသင်းအဖွဲ့များမှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။  

 

a

 

ထိုင်းနိုင်ငံ ICVeX မှ အထွေထွေမန်နေဂျာ Mr. Chinakit Viphavakit က ''ဆောက်လုပ်ရေးဆိုင်ရာ အသိပညာရပ်တွေကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက ပူးပေါင်းဖလှယ်ပြီးတော့ အပြန်အလှန်ထိတွေ့မှုရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခုလိုကျင်းပတာ ဖြစ်ပါတယ်။ ကုမ္ပဏီ စုစုပေါင်း ၇၀ ကျော် လာရောက်ကြမယ့်အထဲကမှ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေအတွက် တကယ့်ကို စီးပွားရေးမိတ်ဖက်ကောင်းတွေ ရရှိလာမယ့် အခွင့်အရေးကိုလည်း ရရှိမှာဖြစ်ပါတယ်'' ဟုပြောသည်။ 

အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ သုံးရက်တာ ကျင်းပမည့် အဆိုပါ ပြပွဲတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ် အစရှိသည်တို့မှ ဗိသုကာနှင့် ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ အိမ်တွင်းအလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ ပါဝင်ပြသပေးသွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဗိသုကာအသင်း(AMA)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်( MCEF)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (A. G.T. I) အစရှိသည့် အသင်းအဖွဲ့များမှ ဗိသုကာဆိုင်ရာ၊ ဆောက်လုပ်ရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ် ကာကွယ်မှုနည်းပညာဆိုင်ရာများ၊ အသိပညာ ဗဟုသုတ ဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်ကြောင်း သိရသည်။  

မင်းသစ် (MNA)