မောင်တော ၂၅  ဇန်နဝါရီ 


ရခိုင်ပြည်နယ် မောင်တောမြို့တွင် သတင်းရယူရန်ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများဖြစ်သည့် Tokyo Shinbum, The Mainichi Newspaper,  Sankei Shimbum, Nippon TV, TBS , AFP, Wall Street Journal, MI Radio, MITV, MRTV နှင့် MNA တို့မှ  သတင်းမီဒီယာသမားများသည် ယနေ့တွင် ဘူးသီးတောင် မြို့နယ်ရှိ ဒုံးသိမ်တိုက်ပွဲရှောင် ယာယီခိုလှုံရေးစခန်းနှင့် ဒပြုချောင်းကျေးရွာတို့သို့  မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။ 


ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာသမားများသည် ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်တိုက်ပွဲရှောင် ယာယီခိုလှုံရေးစခန်းသို့ ရောက်ရှိပြီးတိုက်ပွဲရှောင် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံမေးမြန်း သတင်း ရယူကြသည်။


ဒုံးသိမ်တိုက်ပွဲရှောင် ယာယီခိုလှုံရေးစခန်းတွင် အလယ်ချောင်းကျေးရွာမှ ဒေသခံ တိုင်းရင်းသားမိသားစု ၄၃ စု၊ လူဦးရေ ၂၆၃ ဦးရှိပြီး ဇန်နဝါရီ ၁၃ ရက်တွင် ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေအိမ်များ စွန့်ခွာထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ သတင်းမီဒီယာသမားများသည် ဒပြုချောင်းကျေးရွာသို့ ရောက်ရှိပြီး အစ္စလာမ်ဘာသာဝင်များအား တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။ 


ယင်းနောက် သတင်းမီဒီယာသမားများသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး ညနေပိုင်းတွင် စစ်တွေမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ ပြန်လည်ထွက်ခွာကြသည်။


သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူမှုအနေဖြင့်  ၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၆ ကြိမ်နှင့် ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီ၏  အစီအစဉ်ဖြင့် ၁ လလျင် နှစ်ခေါက်နှုန်းဖြင့် ၁၅ ကြိမ် သတင်းရယူခဲ့ရာ ယခုအကြိမ်နှင့် ဆိုလျင် စုစုပေါင်းအကြိမ် ၃၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။ 


သတင်း- မျိုးမြင့် (သတင်းစဉ်)
ဓာတ်ပုံ -သက်လွင်စိုး (ပြန်/ဆက်)

 

ာိည