မောင်တော  ၃၀ ဇန်နဝါရီ 

ရခိုင်ပြည်နယ် မောင်တောမြို့၌ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများနေထိုင်သည့် ရွာမကျေးရွာနှင့် မြို့မစေတီတောင်ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား တွေ့ဆုံကာ သိရှိလိုသည်များအား မေးမြန်းသတင်းရယူကြသည်။

ထို့နောက် သစ်ရင်းကျေးရွာနှင့် တပ်ရာကျေးရွာများသို့ သွားရောက်ကာ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာနေသူများနှင့်တွေ့ဆုံကာ သိရှိလိုသည်များအား မေးမြန်းသတင်းရယူခြင်း၊ ကျေးရွာအတွင်း လှည့်လည်သတင်းရယူခြင်းဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေး ဇုန်သို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီးပွားရေးဇုန် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားကြပြီး သတင်း မီဒီယာအဖွဲ့၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် သတင်းမီဒီယာအဖွဲ့သည်  ကညင်ချောင်းစီးပွားရေးဇုန်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုသတင်းရယူကြသည်။

ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် အိန္ဒိယနိုင်ငံမှ ဆောက်လုပ်လှူဒါန်းထားသည့်  မောင်တောမြို့နယ် အောင်ဗလကျေးရွာသစ်သို့ရောက်ရှိကာ ကျေးရွာအတွင်းနေထိုင်ကြသူများအား တွေ့ဆုံမေးမြန်းသတင်းရယူကြသည်။

သတင်းမီဒီယာအဖွဲ့တွင် Frontier Myanmar ၊ Black Night Media ၊ Al Jazeera English ၊ BBC ၊ RFA ၊ MRTV နှင့် MITV သတင်းဌာနတို့မှ သတင်းသမားများပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ သွားရောက် သတင်းရယူမှုအနေဖြင့် ၃၅ ကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။

ဟန်လင်းနိုင်(သတင်းစဉ်)