နေပြည်တော် ဩဂုတ် ၁၄

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အဆင့် အရာထမ်း မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွန်ကြား ရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အလယ်အလတ်အဆင့်အရာထမ်းများသည် အထက်အဆင့်နှင့် အောက်အဆင့် ကြားတွင် စီမံခန့်ခွဲမှုများ ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်ပေးရသော အရာထမ်းများ ဖြစ်ကြသဖြင့် လုပ်ငန်းရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် ဆက်စပ်နေသည့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်သွယ်၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်မှုရှိစေရေးအတွက် ခေတ်စနစ်နှင့် လျော်ညီသော အခွန်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန် လိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့  သင်တန်းသား သင်တန်းသူ လက်ထောက်ညွှန်ကြားရေးမှူး (၄၀)  တက်ရောက် ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တပတ် (၂)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။        

(သတင်းစဉ်)