နေပြည်တော် ဖေဖော်ဝါရီ၈

 

ပြည်တွင်းစားသုံးဆီ ဖူလုံသုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများတိုးမြှင့် ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၅)၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးထွန်းအုံနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိလာသည့် စားသုံးဆီများ ပြည်တွင်းဖူလုံမှုရှိစေရန် လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်ပါဝင်သော စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကို နိုင်ငံတော်အစိုးရက လုပ်ငန်းတာဝန်(၉)ရပ် သတ်မှတ်၍ ဖွဲ့စည်းပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအား နေကြာသီးနှံကို အဓိကသတ်မှတ်ဆောင်ရွက်ခဲ့သည်။

 

ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုအားကောင်းစေရန်နှင့် နိုင်ငံတစ်ဝန်းရှိ တောင်သူများအားလုံး ပါဝင်လုပ်ကိုင် နိုင်ကြစေရေးအတွက် ယခုနှစ်မှ စတင်ကာ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ ၃ မျိုးလုံးအတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြေပဲတစ်ဧက ၃ သိန်း၊ နှမ်း တစ်ဧက ၁ ဒသမ ၅ သိန်းနှင့် နေကြာတစ်ဧက ၂ သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုကို ထောက်ပံ့ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် သီးနှံပေးသွင်းမှု စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်တွင်း ဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရန်နှင့် ပြည်တွင်းစားသုံးဆီလုံလောက်စေရန် ဆောင်ရွက်ရမည် အထူးအစီအမံများ၊ လျာထားဆောင်ရွက်ချက်များအား အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများနှင့် ကော်မတီဝင်များ၏ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ အဆင့်ဆင့်သော စိုက်ပျိုးရေးဦးစီးဌာနမှူးများ ဆီထွက်သီးနှံတောင်သူများ အားလုံးပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်