နေပြည်တော်၊ ဩဂုတ် ၁၈   

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် ၁၇ ရက် နှင့်  ၁၈ ရက်များတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့ကို သက်ဆိုင်ရာ ဒေသများ၌တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်း နှင့် ဆီထွက်သီးနှံ စီမံကိန်းများလုပ်ငန်းများဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ မေထုန်မဲ့ သားစပ်လုပ်ငန်းများဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း စားသုံးဆီဖူလုံရေး မျှော်မှန်းချက် အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုး လုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စိုက်ဧကများ လျားထားသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ နေကြာသီးနှံ စိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ် တွင် မိုးနှင့်ဆောင်း စိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့်ဆောင်း စုစုပေါင်း စိုက်ဧက ၃ ဒသမ ၀၇ သန်း စိုက်ပျိုးရန် လျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာပွင့်များ အစေ့အဆန်ပြည့် အောင်မြင်ပြီး ဆီထွက်နှုန်း ကောင်မွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုအကျိုးပြု ပျားမွေးမြူရေးကို တောင်သူများ တွဲဖက် လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဝတ်မှုန်ကူးအင်းဆက်ပိုးမွှားများ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ကိုလည်း တောင်သူများကို အသိပညာပေး စည်းရုံးသွားရန် လိုအပ်ကြောင်း၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ  နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက ၇၀၀၀၀၀  စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း။ 
နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းနို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု မြင့်မားလာစေရေးနှင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှု လျော့ချနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများ အပါအဝင် ဒေသ ၅ ခုတွင် နို့စားနွားမ ကောင်ရေ (၆၀၀၀၀) ကျော် တိုးချဲ့မွေးမြူခြင်းကို ခရိုင်အခြေပြု မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် တာဝန်ရှိသူများ အနေဖြင့် လိုအပ်ချက်များ ကြိုတင်စီမံဆောင်ရွက်နိုင်ရေးနှင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်မျိုးစေ့နှင့် သွင်းအားစုများ သုံးစွဲနိုင်ရန်၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းများ အသုံးပြုရန်နှင့် နည်းပညာလိုအပ်ချက် ကူညီဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက  သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ တောင်သူပညာပေးစခန်း၌ မိုးစပါးရေကြီးနစ်မြုပ်တောင်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကြပြီး သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ပံ့ပိုးကူညီသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြပြီး မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအတွက် သက်တမ်းတိုမျိုးစပါးနှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကာ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် မြေဩဇာကြဲပက်ခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်