မြန်မာတို့ နေ့စဉ်စားကြသည့် အဓိကအစားအစာမှာ ဆန်နှင့်ဆီတို့ဖြစ်သည်။ ဆန်နှင့်ဆီအတွက် စပါးနှင့် ဆီထွက်သီးနှံများကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ရာတွင် ဆန်ကို ပြည်တွင်းစားသုံးမှု ဖူလုံရုံမျှမက ပြည်ပသို့တင်ပို့နိုင်သော်လည်း ဆီမှာမူအကြောင်းအမျိုးမျိုးကြောင့် မဖူလုံ။ ပြည်တွင်းဆီ စားသုံးမှု ဖူလုံရန်အတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ စားသုံးဆီ ကြိတ်ခွဲ ထုတ်လုပ်ခြင်း၊ မွေးမြူရေးအစားအစာထုတ်လုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း၊ ဝယ်ယူစားသုံးခြင်း စသည့်ကွင်းဆက် တစ်လျှောက်လုံးတွင် ပါဝင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုသည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် အရေးပါသည့် ကဏ္ဍတစ်ရပ်မှာ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်း ကဏ္ဍဖြစ်သည်။ လာမည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ကြိတ်ခွဲခြင်းမှတစ်ဆင့် ဖူလုံအောင်ဆောင်ရွက်ရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချ ရေးတို့အတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေပြီး ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီစက်များက ပိုမိုကြိတ်ခွဲပြီး ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို မြှင့်တင်သွားရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် စာရင်းတစ်ရပ်အရ မြန်မာနိုင်ငံတစ်ဝန်း၌ ဆီစက် ၄၂၅၀ ကျော်ရှိရာတွင် အကြီးစားဆီစက် ၂၃၀ ကျော်၊ အလတ်စား ၉၂၀ ကျော်နှင့် အငယ်စားဆီစက် ၃၁၀၀ ကျော်တို့က ဆီကြိတ်ခွဲထုတ်လုပ် နေကြခြင်းဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြောင့် ရပ်နားထားရသည့်စက်များ၊ စွမ်းအားပြည့်ထုတ်လုပ်နိုင်စွမ်းမရှိသော စက်များလည်း ရှိနေသည်။
ဆီစက်လုပ်ငန်းရှင်များ၏ အခက်အခဲများတွင် ပြည်ပမှ တင်သွင်းလာသည့် ဈေးပေါသည့်ဆီများနှင့် ဈေးကွက်၌ ယှဉ်ပြိုင်ရခြင်း၊ ဆီထွက်သီးနှံများပေါ်ချိန်တွင် ဝယ်ယူသိုလှောင်နိုင်ရန် ငွေကြေးအရင်းအနှီး လိုအပ်ခြင်း၊ မြေပဲ၊ နှမ်း စသည့်ဆီထွက်သီးနှံများကို ကုန်ကြမ်းအဖြစ် ပြည်ပသို့ တင်ပို့ရောင်းချမှုများကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းအခက်အခဲ ဖြစ်ပေါ်ခြင်း၊ ဆီစက်များကို အဆင့်မြှင့်တင်နိုင်ရန် ငွေကြေးလိုအပ်ခြင်း စသည်တို့အပါအဝင် အခက်အခဲများရှိနေပြီး အဆိုပါအခက်အခဲများပြေလည်စေရန် နိုင်ငံတော်က အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ပြည်တွင်းရှိ ဆီစက်များ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ချေးငွေလျှောက်ထားနိုင်ပြီဖြစ်သည်။ အဆိုပါချေးငွေသည် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များအား သက်သာသည့်အတိုးနှုန်းဖြင့် ချေးပေးခြင်းဖြစ်ရာ မှန်မှန်ကန်ကန်ချေးပေးရန် လိုသကဲ့ သို့ မှန်မှန်ကန်ကန်သုံးစွဲကြရန်လိုသည်။ သို့မှသာ အမှန်တကယ် ငွေကြေးလိုအပ်နေသည့် ဆီစက်လုပ်ငန်းများ အရင်းအနှီးရရှိနိုင်ပြီး စနစ်တကျရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုဖြစ်ပေါ်လာမည်ဖြစ်သည်။ ချေးငွေကို မမှန်မကန်ရယူခြင်း၊ အခြားနည်းလမ်းများဖြင့် သုံးစွဲခြင်းတို့ ဖြစ်ပေါ်လာမည်ဆိုပါက အမှန်တကယ်လိုအပ်သူတို့ ချေးငွေမရခြင်း၊ ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေး ရည်ရွယ်ချက်အတိုင်း ဖြစ်ပေါ်မလာခြင်းကဲ့သို့သော ရလဒ်များသာ ထွက်ပေါ်လာမည်ဖြစ်သည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးသည် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အရေးပါပြီး ငွေကြေးအရင်းအနှီး လိုအပ်ချက်အပြင် ပြည်ပစားအုန်းဆီတင်သွင်းမှုကို ချိန်ညှိထိန်းချုပ်ခြင်း၊ ဆီထွက်သီးနှံများ ပြည်ပသို့တင်ပို့မှုကို ပြည်တွင်းဆီ ဖူလုံပိုလျှံမှ ခွင့်ပြုခြင်း၊ ပြည်တွင်း ပြည်ပ ဈေးကွက်များ မြှင့်တင်ခြင်း စသည်ဖြင့် အဘက်ဘက်မှ ဆောင်ရွက်သွားရမည် ဖြစ်ရာ ဆီကဏ္ဍတွင် ပါဝင်နေသူအားလုံးက နိုင်ငံတော်၏ ကြိုးပမ်းဆောင်ရွက်ချက်နှင့်အတူ ပူးပေါင်းပါဝင်ကြရပါမည့် အကြောင်း။
မြန်မာ့အလင်း