မန္တလေး  ၂၉  မတ်

 

COVID-19 ရောဂါဂယက်ကြောင့် ပြည်တွင်း၌စားသုံးရန် ဝယ်ယူမှုများပြားလာသည့်အတွက် ကုလားပဲများ စျေးကွက်အတွင်း ရောင်းအားသိသာစွာ မြင့်တက်လျက်ရှိသော်လည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ကုလားပဲကို တောင်သူများအနေဖြင့် ပြည်တွင်းစားသုံးကုန်အတွက်သာ အဓိကစိုက်ပျိုးကြခြင်းဖြစ်ပြီး ပေါ်ဦးပေါ်ဖျား ဇန်နဝါရီလအတွင်းက သုံးတင်းဝင် တစ်အိတ် ၇၂၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ လက်ကားစျေး တစ်ပိဿာ ၁၉၀၀ ကျပ်ဖြင့်လည်းကောင်း အဖွင့်စျေးစခဲ့ပြီး လှိုင်လှိုင်ပေါ်သည့် ယခုချိန်တွင် သုံးတင်းဝင် တစ် အိတ်လျှင်  ၆၂၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာလည်း လက်ကားစျေး တစ်ပိဿာ ၁၆၅၀ ကျပ်နှုန်းဖြင့် အရောင်းသွက် လျက်ရှိသည့်အပြင် စားသုံးသူများပြားသည့်အတွက် ကုလားပဲခွဲစက်များလည်း လည်ပတ်မှုကောင်းမွန်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။ 

 

" ဒီကုလားပဲက ပြည်တွင်းမှာ မြန်မာလူမျိုးတိုင်း စားသုံးတဲ့ပဲတစ်မျိုး ဖြစ်တယ်။ မန္တလေးရဲ့ ဓလေ့အရပြောရရင် သံဃာတော်တွေကို ဆွမ်းလောင်း၊ ဆွမ်းကပ်တဲ့အခါမှာ မပါမဖြစ် လှူဒါန်းကြတယ်။ ဒါ့အပြင် မြန်မာရိုးရာ အစားအစာတွေမှာလည်း ထည့်သွင်းသုံးစွဲမှုများတယ်။ ဒီရက်ပိုင်းမှာတော့ Covid-19 ဂယက်ကြောင့်  ဝယ်ယူမှုများလာတဲ့အတွက် ရောင်းအားတွေတက်လာပေမယ့် စျေးနှုန်းတွေကတော့ မတက်ပါဘူး။ မန္တလေးမြို့မှာ ရှိတဲ့ ကုလားပဲခွဲစက်တွေရဲ့ တစ်ဝက်ကျော်မှာလည်း စက်ရပ်နားမထားရပဲ လည်ပတ်နိုင်လာတယ်။ ဒါကြောင့် ဒီပဲခွဲစက်တွေမှာ မှီခိုလုပ်ကိုင်နေကြတဲ့ လုပ်သားတွေအတွက်လည်း အလုပ်အကိုင်တွေ အဆင်ပြေသွားတာပေါ့" ဟု ၎င်းက ပြောသည်။

 

မြန်မာထွက်ကုန် ကုလားပဲသီးနှံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ ပြည်တွင်းစားသုံးရန် အများဆုံးစိုက်ပျိုးကြပြီး လက်ရှိအချိန်တွင် မန္တလေးပဲစျေးကွက်သို့ ကုလားပဲများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)