နေပြည်တော်  နိုဝင်ဘာ ၁

 

ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ အသားငါးကဏ္ဍဆိုင်ရာ ပို့ကုန် တိုးမြှင့်ရေးအတွက် မွေးမြူထုတ်လုပ်မှုစနစ် ၊ တိရစ္ဆာန်အစာ ကျွေးမွေးမှုစနစ် နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် တားဆီး နှိမ်နင်းရေး စနစ်များကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး ပြောင်းလဲကျင့်သုံးနိုင်ရန် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီလျှက်ရှိသကဲ့သို့ မွေးမြူထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက် တစ်လျှောက်ရှိ သက်ဆိုင်သူအားလုံးတို့ကလည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသားငါး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ အမပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး ငါးသားဖောက် သရုပ်ပြကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ငါးအစာကျွေးစနစ်နှင့် ငါးစာအရည်အသွေး စစ်ဆေး တိုင်းတာခြင်းလုပ်ငန်း၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးမျိုးများ ဆေးထိုးသားဖောက်ခြင်းနှင့် ရွှေဝါငါးကြင်းအား သဘာဝနည်းဖြင့် သားဖောက်ခြင်းအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စီးပွားရေးရာ အထောက်အကူပြု ဌာနခွဲ မန္တလေးအစာချက်စပ် စက်ရုံ ကိုလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထုံးဘို ဝက်မွေးမြူရေးခြံတွင် အသားတိုး ဝက်မွေးမြူ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ ကြူဝန်းနွားခြံ ၏ အသားတိုးနွား မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်နှင့် နည်းပညာ သရုပ်ပြလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးတောင်သူ နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ ရောက်ရှိကြပြီး မွေးမြူရေး ဒီပလိုမာသင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ သင်ကြားရေး အထောက်အကူပြု တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn