ရန်ကုန် ၊ ဧပြီ ၂၇

 

ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ငါးရှဉ့်သားဖောက် မွေးမြူ ုတ်လုပ် နိုင်ရေးနည်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ ငါးမွေးတောင်သူတို့ထံ လက်တွေ့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

     အာရှတွင် ငါးရှဉ့်မျိုးရင်း ရှစ်မျိုးရှိရာ ထို ရှစ်မျိုးတွင် မြန်မာနိုင်ငံမှ နှစ်မျိုးပါဝင်လျက်ရှိပြီး သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် လယ်ကွင်းများမှ ဖမ်းဆီးရရှိသော ငါးရှဉ့်နီနှင့် ငါးရှဉ့်မဲတို့ကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ ငါးရှဉ့်ဒိုင်များသို့ တင်သွင်း၍ ထိုမှတစ်ဆင့် မူဆယ်နယ်စပ်ဂိတ်မှ တရုတ်ပြည်သို့ မြန်မာ့ငါးရှဉ့်များကို တင်ပို့လျက်ရှိသည်။ ငါးရှဉ့်သည် စွတ်စိုသောနေရာတို့တွင် နေထိုင်သားပေါက်လေ့ရှိပြီး အများအားဖြင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိ၍ အထူးသဖြင့် ရေချို၊ ရေငံစပ်ရှိရာ ရခိုင်ပြည်နယ်မှ အများဆုံးထွက်ရှိသော်လည်း ဧရာဝတီ တိုင်းဒေသကြီးမှ အများဆုံးဖမ်းဆီး၍ ပြည်ပသို့တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ရေထွက်ကုန်မွေးမြူထုတ်လုပ်မှုတွင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားဝင်ငွေများစွာ ရရှိခဲ့ပြီး ယခုနှစ် ရေထွက်ကုန်တင်ပို့မှုမှ ၁၁ ဘီလီယံ ရရှိရန်လျာထားဆောင်ရွက်လျက်ရှိရာ အဆိုပါ ရေထွက် ကုန်တင်ပို့မှုတွင် ဗီယက်နမ်တောင်သူများကိုယ်တိုင် မွေးမြူထုတ်လုပ်သော ငါးရှဉ့်အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံတွင် တောင်သူများ ကိုယ်တိုင် ငါးရှဉ့်ကိုမွေးမြူထုတ်လုပ်နိုင်ရန် ဗီယက်နမ်တွင် ကွင်းဆင်းလေ့လာပြီး စမ်းသပ် ဆောင်ရွက်ခဲ့ရာ (၂၀၁၉) ခုနှစ်တွင် စမ်းသပ်သားဖောက်မှု အောင်မြင်ခဲ့သည်။   သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယင်းလုပ်ငန်းများရပ်နားခဲ့ရပြီး ယခုအခါ တောင်သူများဝင်ငွေ ပိုမိုရရှိစေရန် တောင်သူတို့ထံသို့ အဆိုပါနည်းစဉ်ကို ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်းသိရသည်။

 

“ဗီယက်နမ်မှာ လေ့လာပြီးတော့ ၂၀၁၉-ခုနှစ် မြန်မာနိုင်ငံမှာ ငါးရှဉ့်ကို စမ်းသပ်မွေးမြူတာ အောင်မြင်တယ်။ ကိုဗစ်ဖြစ်တော့ရပ်သွားတာ။ အခု မေလမှာ တောင်သူတွေ ကိုယ်တိုင်မွေးမြူ နိုင်အောင် ဖြန့်ဖြူးပေးသွားမှာပါ။ မြန်မာနိုင်ငံမှာ သဘာဝအလျောက် ပေါက်ဖွားရှင်သန်တဲ့ ငါးရှဉ့်ကို  ဖမ်းဆီးပြီး တရုတ်ဈေးကွက်ကို တင်ပို့နေတာကြာပြီ။ လက်သန်းအရွယ် ငါးရှဉ့်ကအစ တင်ပို့တာကြောင့်ကြာရင် မျိုးရင်းပျောက်သွားနိုင်တယ်။ ဒါကြောင့် ဗီယက်နမ်တောင်သူတွေလို ကိုယ်တိုင်မွေး၊ ကိုယ်တိုင်ထုတ်ပြီးတစ်ပိုင် တစ်နိုင်ဝင်ငွေရအောင် ဆောင်ရွက်ပေးမယ်ဆိုရင် အနာဂတ် ရေထွက်ကုန်တင်ပို့မှုကိုလည်း အထောက်အပံ့ဖြစ်စေမှာပါ။ ငါးရှဉ့်ဟာ ပရိုတိန်း ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်တိုင်စားသုံးနိုင်သလို တရုတ်ဈေးကွက်ကိုလည်း တင်ပို့နိုင်တဲ့ အတွက် ခက်ခဲမှုမရှိတဲ့မွေးမြူမှုကို တောင်သူတွေသဘောကျကြတယ်။  ကန်တူးပြီး မွေးစရာ မလိုဘဲ တာလဘတ်ကာ ကန်ပုံစံနဲ့မွေးပြီးတော့ တစ်နှစ်အကြာမှာ ရောင်းတန်းဝင် ရေထွက်ကုန်အဖြစ် တင်ပို့နိုင်ပါတယ်။ ငါးရှဉ့်ဟာ တန်ဖိုးမြင့် ရေထွက်ကုန် (၁၀)မျိုးထဲမှာ ပါတဲ့အတွက် မွေးမြူမှုကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းတာကြောင့် သားဖောက် မွေးမြူနိုင်ဖို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ တောင်သူတွေ လက်ဝယ်အရောက် သားဖောက်တဲ့နည်းစဉ်ကို ဖြန်ဖြူးပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ ဌဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

 

ငါးရှဉ့်မွေးမြူရာ၌ လယ်အတွင်းကျရောက်လေ့ရှိသည့် ခရုကိုအစာအဖြစ် ကျွေးလေ့ရှိပြီး မြန်မာနိုင်ငံတွင် တွေ့ရှိရသော ငါးရှဉ့်နီနှင့် အမဲမှာ တရုတ်ဈေးကွက်၌ မျက်နှာပန်းလှသော ရေထွက်ကုန်အဖြစ် နေရာရလျက်ရှိသည်။ ငါးရှဉ့်ကို တရုတ်ပြည်ဈေးကွက်အပြင် ဥရောပ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အရှင်တင်ပို့ရသော ရေထွက်ကုန်ထိန်းသိမ်းမှုနှင့် ထုပ်ပိုးမှု နည်းပညာ လိုအပ်လာမည်ဖြစ်ရာ ဗီယက်နမ်တွင် ထိုနည်းပညာရရှိပြီးဖြစ်၍ တရုတ် ဈေးကွက်အပြင် ဥရောပဈေးကွက်တွင် နေရာရရှိရန် ကြိုးပမ်းလျက်ရှိသည်။

 

နိုင်ငံတော်နှင့် မွေးမြူရေးတောင်သူတို့အတွက် အကျိုးရှိသော ဈေးကွက်ဝင် ငါးရှဉ့်သားဖောက် စမ်းသပ်မှု အောင်မြင်ပြီးဖြစ်ရာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ထုပ်ပိုး၊ ထိန်းသိမ်းမှုနည်းပညာ များဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ပါက ငါးရှဉ့်ရေထွက်ကုန် တင်ပို့မှုမှ တိုင်းပြည်ဝင်ငွေ တိုးမြှင့် ရရှိစေမည်ဖြစ်သည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် တောင်သူများ ကိုယ်တိုင်မွေးမြူ ထုတ်လုပ်နိုင်ရန် မေလမှစ၍ မွေးမြူသည့် ပုံစံနည်းပညာများကို လက်တွေ့ကွင်းဆင်း ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ ( သတင်းစဉ် )