နွယ်နီလင်း
တစ်ဆယ့်တစ်နှစ်ကြာ ဆီးရီးယားစစ်ပွဲကြောင့် ဆီးရီးယားပြည်သူများအတွက် မရေတွက်နိုင်သော ဝေဒနာများနှင့် နာကျင်မှုများကို ခံစားခဲ့ရပြီးနောက် ဒေသခံအမျိုးသမီးတစ်စုသည် ၎င်းတို့၏ ကြေကွဲနေသော နှလုံးသားများကို ကုစားရန် နည်းလမ်းကို ရှာဖွေခဲ့ပြီး စွန့်ပစ်အမှိုက်များထဲမှ လက်မှုအနုပညာလက်ရာများကို ဖန်တီးခြင်းဖြင့် အဓိပ္ပာယ်ပြည့်ဝသော ဘဝတစ်ခုရရှိရန် ကြိုးပမ်းနေခဲ့ကြသည်။
ပရော့ဂျက်တစ်ခုကို စတင်
လွန်ခဲ့သောနှစ်အနည်းငယ်က ဆီးရီးယားနိုင်ငံတောင်ပိုင်း ဆွီဒါမြို့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ခါလော့ ဟာနေဒီသည် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး ပန်းချီကား၊ စားပွဲခင်း၊ ကော်ဇောများနှင့် အလှဆင် အနုပညာ လက်ရာများကိုဖန်တီးသည့် ပရော့ဂျက်တစ်ခုကို စတင်ခဲ့သည်။
အထူးသဖြင့် ဆီးရီးယားနိုင်ငံတွင် ရင်ဆိုင်နေရသော စီးပွားရေးကျပ်တည်းမှုများကြားတွင် အနုပညာကို ချစ်မြတ်နိုးသည့် ဟာနေဒီသည် ဟောင်းနွမ်းနေသည့် ပစ္စည်းများအား ပြန်လည်အသုံးပြုသည့် အစဉ်အလာကို ပြန်လည်အသက်သွင်းလိုသော ၎င်း၏ဆန္ဒက အဆိုပါပရော့ဂျက်ကို ဖန်တီးရန် တွန်းအားပေးခဲ့သည်။
နိုင်ငံတစ်ဝန်းမှ အမျိုးသမီး အများအပြားသည် ရက်ကန်းအတတ်ပညာများ တိုးတက်စေရန် ဟာနေဒီ၏ အလုပ်ရုံသို့ လာရောက်ခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ဇာတ်လမ်းများကို မျှဝေခြင်းဖြင့် ရင်းနှီးသော နှောင်ကြိုးကို ဖွဲ့စည်းခဲ့ကြသည်။ ၎င်းတို့ကြားက ခင်မင်ရင်းနှီးမှုများနှင့်အတူ ပစ္စည်းအဟောင်းများကို ပြန်လည်အသုံးပြုပြီး လက်မှုအနုပညာ လက်ရာများ ဖန်တီးခြင်းအားဖြင့် အမျိုးသမီး များသည် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် ဘဝဇာတ်စုံကို မျှဝေနိုင်စေရန်အတွက် ဟာနေဒီက တွန်းအားပေး နိုင်ခဲ့သည်။
ဘဝခရီးကြမ်း အဖုံဖုံ
“လူတိုင်းက ဘဝခရီးကြမ်း အဖုံဖုံကိုဖြတ်သန်းခဲ့ဖူးကြပြီး အထူးသဖြင့် စစ်ပွဲအတွင်းမှာ မတူညီတဲ့ ကိုယ်ပိုင် အတွေ့အကြုံများစွာ ရှိခဲ့ကြပါတယ်၊ အရင်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူး။ ဒါပေမယ့် တစ်ဦးစီတိုင်းကနေ သူ့ဘဝ၊ သူ့သားသမီးနှင့် ခင်ပွန်း၊ ဒါမှမဟုတ် သူရောက် လာတဲ့ နေရာဒေသတွေကို သူတို့ပြောပြတဲ့ သူတို့ ဘဝ ဇာတ်ကြောင်းတွေကတစ်ဆင့် သိနိုင်ပါတယ်” ဟု ဟာနေဒီက ဆိုသည်။
ယခုအချိန်တွင် ဟာနေဒီ၏ အလုပ်ရုံတွင် အနုလက်ရာများဖြင့် ဖန်တီးထားသော အနုပညာခန်းမတွင် ခင်းကျင်းထားသည့် ပန်းချီကားတစ်ချပ်စီတိုင်းတွင် ပန်းချီဆရာ၏ ဇာတ်လမ်းကို စာတန်းလေးများဖြင့် စီခြယ်ထားသည်။
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဖြေရှင်းနိုင်
အဆိုပါ ပရော့ဂျက်သည် သင်တန်းသားများအား ခက်ခဲသောအချိန်များကို ဖြတ်ကျော်ကာ စစ်ပွဲနှင့် မိသားစုရေးရာများကြောင့် ဖြစ်ပေါ်လာသည့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဖြေရှင်းနိုင်ခဲ့ကြသည်။
“ကျွန်မအပါအဝင် ဒီနေရာမှာရှိကြတဲ့သူတွေ အားလုံးဟာ ကိုယ်ပိုင်အတွေးအခေါ်တွေ ဒါမှမဟုတ် ကိုယ့်ဘဝကို ဘယ်လိုရှုမြင်တယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ လျှောက်လှမ်းနိုင်ခဲ့ကြပြီ။ ဒါကြောင့် ဒီနေရာဟာ လူတွေကို ပံ့ပိုးကူညီပေး နေတဲ့ နေရာတစ်ခုလို့ မြင်ပါတယ်” ဟု ဟာနေဒီက ဆိုသည်။
အသက်သုံးဆယ်ကျော်အရွယ် ဆီးရီးယား အမျိုးသမီး မာနယ် မာဆွတ်သည် တစ်ချိန်က အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရပြီး ခင်ပွန်း ဖြစ်သူက ဦးခေါင်းကို ရိုက်နှက်မှုကြောင့် မှတ်ဉာဏ် ဆုံးရှုံးသွားခဲ့သည်။ သို့သော် လအနည်းငယ် အကြာတွင် မှတ်ဉာဏ်ပြန်လည်ကောင်းမွန်လာခဲ့ ပြီးနောက်၎င်းသည် သန့်ရှင်းရေးလုပ်နေစဉ် လှေကားပေါ်မှ ပြုတ်ကျခြင်းဖြစ်သည်ဟု အဖြစ် အပျက်များကို လိမ်ညာပြောဆိုခဲ့သည့် ၎င်း၏ ခင်ပွန်းဖြစ်သူကိုလည်း ကွာရှင်းခဲ့သည်။
မာဆွတ်သည် သူမ၏မကျေနပ်ချက်များကို လွတ်မြောက်စေရန် လှေကားပုံ ပန်းချီကားတစ်ချပ် ကို ပုံဖော်ရေးဆွဲခဲ့သည်။ ဒါကပင် သူ့အတွက် အဆိုးမြင်စိတ်များက လွတ်မြောက်စေခဲ့သည်။
ဘဝမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလား
“ဒီနေရာဟာ နာကျင်မှုတွေကို ဖော်ပြနေတယ်၊ ကိုယ့်ဘဝအကြောင်း ကိုယ်ပြောပြနေတယ်ဆိုတာ ထက်ပိုပါတယ်။ ဘာလို့လဲဆိုရင် သူများတွေရဲ့ အကြောင်းကိုလည်း နားထောင်ပြီး ကိုယ့်ထက် ပိုနာကျင် ခံစားရတဲ့သူတွေ ရှိပါလားဆိုတာ သိလာ နိုင်တယ်။ ပြီးတော့လည်း ဘဝမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါလား ဆိုတာလည်း ခံစားရတယ်” ဟု ၎င်းကပြောသည်။
အမျိုးသမီးများအတွက် စွမ်းဆောင်နိုင်မှုနှင့် ပံ့ပိုးကူညီမှုသည် ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် အရေးပါပြီး ယင်းပရော့ဂျက်တွင် ပါဝင်ခဲ့သူများအတွက် များစွာအဓိပ္ပာယ်ရှိကြောင်း ပရော့ဂျက်တွင် ပါဝင်သူ ဟာနန် ရာဒ်ဝမ် ပြောကြားသည်။
အမျိုးသမီးများသည် အိမ်တွင်းပုန်းနေရုံ မဟုတ်ဘဲ တစ်စုံတစ်ဦးကို မှီခိုအားထားနေမည့်အစား ကိုယ်တိုင် ရပ်တည်နိုင်ရေးအတွက် ဘဝကို သတ္တိရှိရှိရင်ဆိုင်နိုင်ရန် တွန်းအားပေးနေကြောင်း အလုပ်ရုံ၏ ကနဦးရည်ရွယ်ချက်က မီးမောင်းထိုး ပြသနေသည်။
ကိုးကား - ဆင်ဟွာ