ပြည်တွင်းစစ်ဖြစ်ပွားမှု ၁၃ နှစ်ပြည့်ချိန်အထိ လူသားချင်းစာနာမှု အကူအညီများ  အရေးတကြီးလိုအပ်နေသည့် ဆီးရီးယားပြည်သူများ

 

နွယ်နီလင်း

 

ဆီးရီးယားနိုင်ငံ၌ ၂၀၁၁ ခုနှစ်က သမ္မတအယ်လ်အာဆတ်ကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြရာမှ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရာ အဆိုပါပဋိပက္ခကြောင့် လူပေါင်းငါးသိန်းခန့် သေဆုံးခဲ့ရကာ ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ မတ် ၁၅ ရက်တွင် ၁၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်သည်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့မှ ကလေးငါးဦး၏ မိခင်ဖြစ်သူ ဟာဒီယာကာမယ် ကူဒီသည် မိသားစုရင်ဆိုင်နေရသည့် ကြောက်မက်ဖွယ်ကောင်းသည့်အခြေအနေကြောင့် အလွန် စိတ်သောကရောက်ခဲ့ရသည်။ အချိန်တိုင်းတွင် ၎င်းတို့မိသားစုမှာ စားစရာမရှိဟု ဆိုသည်။

အခြေအနေအရပ်ရပ်တိုင်းမှာ ၎င်းတို့အတွက် ကြောက်စရာကောင်းပြီး အခြေအနေများက ပိုမို ဆိုးရွားလာသည်ဟု ကူဒီက ဆိုသည်။ ယခုအခါ မိဘမဲ့ဂေဟာအသင်းမှ နှစ်ရက်တစ်ခါပေးပို့သည့် အစားအစာများကို မိမိတို့အနေဖြင့် စားသုံးနေရသည်။

ဆီးရီးယားပြည်တွင်း စစ်ဖြစ်ပွားနေသည်မှာ ၁၃ နှစ်ရှိချိန်အထိ ဆီးရီးယားနိုင်ငံသားများ၏ လက်တွေ့ဘဝမှာ အလွန်ဆိုးရွားလျက်ရှိသည်။ ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံအတွင်း လူပေါင်း ၁၆ ဒသမ ၇ သန်းမှာ ယခုနှစ်အတွင်း လူသားချင်း စာနာမှုအကူအညီများ လိုအပ်နေသည်ဟု ခန့်မှန်း ထားသည်။ ၂၀၁၁ ခုနှစ် ကတည်းကစကာ အဆိုပါ လူသားချင်းစာနာမှု အကူအညီလိုအပ်သူဦးရေမှာ အမြင့်ဆုံးအရေအတွက်ဖြစ်သည်။

ဆီးရီးယားနိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ မိမိနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခ၊ နေရာအနှံ့ပြောင်းရွှေ့ခြင်း၊ မလုံလောက်သည့် ဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးပြိုလဲမှုများ ရင်ဆိုင်နေရကြောင်း လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး အတွက် ကုလသမဂ္ဂရုံးက လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖေဖော်ဝါရီလအတွက် ခြုံငုံ ထုတ်ပြန်ထားသည်။

အချိန်အများစုမှာ ၎င်းအတွက် ဘာမှစားစရာမရှိဟု အလက်ပိုမြို့ရှိ မသန်စွမ်းတစ်ဦးဖြစ်သူ မိုဟာမက် အီဘရာဟင်ဟင်ဒါဝီက ဆိုသည်။”မိမိမှာ ဘာမှမရှိပါ။ မိမိနဲ့ ကလေးတွေအတွက် အစားအစာရနိုင်မလားဆိုတာကို အမြဲစိုးရိမ်ပူပန် နေရပြီး အရင်နေ့ကလည်း ဘာမှမစားရ ဟု ၎င်းက ဆိုသည်။

ဆီးရီးယားနိုင်ငံအတွင်းစစ်ပွဲ၏ နောက်ဆက်တွဲ ရလဒ်က ဆီးရီးယားနိုင်ငံ၏ စီးပွားရေးကျပ်တည်း မှုများကို သိသိသာသာဖြစ်ပေါ်စေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ စစ်ပွဲအတွင်း ပြည်ပ နိုင်ငံအချို့၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ၏ ဆိုးရွားသည့် အကျိုးဆက်များကို ဖော်ပြခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှု နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်ဟု ဒမတ်စကတ် အခြေစိုက် စီးပွားရေးပညာရှင် ဟေရမ်အလီက ဆိုသည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့် လူပေါင်း ၄ ဒသမ ၂ သန်းရှိပြီး ၎င်းတို့ထဲမှ နှစ်သန်းမှာ ကလေးများဖြစ်ကြသည်။ ကလေးတစ်သန်းမှာ ကျောင်းမတက်ရဟု ဆီးရီးယားအကျပ်အတည်းဆိုင်ရာဒေသဆိုင်ရာ ဒုတိယလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ဆိုသည်။

 

mdn

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကလည်း ဆီးရီးယားနိုင်ငံ၌ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်မှုဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၆၀၀၀ ကျော်သေဆုံးခဲ့ရသည်။ အဓိကအားဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အဆိုးရွားဆုံးဖြစ်ပြီး လူပေါင်း ၄ ဒသမ ၅ သန်းမှာ အသက်ရှင်ရပ်တည်ရန် လူသားချင်းစာနာမှုအကူအညီကို မှီခိုနေရသည်။

ကုလသမဂ္ဂအေဂျင်စီနှင့် အခြားလူသားချင်းစာနာမှုအဖွဲ့အစည်းများက ဆီးရီးယားနိုင်ငံသို့ ထောက်ပံ့ပေးမည့် ရန်ပုံငွေရှာဖွေရန် အစီအစဉ် အတွက် ရုန်းကန်ခဲ့ရသည်။ အဆိုပါနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်းကလည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြားပဋိပက္ခများလည်း ကြုံတွေ့ ခဲ့ရသည်။

ယခုလတ်တလော အခြေအနေမှာလည်း စစ်မက်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မတ် ၁၇ ရက်သန်းခေါင်ယံက ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်ရှိ ကျေးလက်ဒေသများကို အစ္စရေးက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ပွဲ စောင့်ကြည့်သူတစ်ဦးက ပြောကြားသည်။

ဆီးရီးယားတပ်ဖွဲ့များက အသုံးပြုသော လက်နက်တင်ပို့သည့်  ဆိပ်ကမ်းတစ်ခုနှင့် ဒမတ်စကတ်မြို့ မြောက်ပိုင်းကျေးလက်ဒေသရှိ အင်ဂျင်နီယာတပ်ရင်းတစ်ခုအနီး နေရာတို့ကို တိုက်ခိုက်မှုကြောင့် ကြီးမားသည့်ပျောက်ကွဲမှုများဖြစ်ပွားပြီး  ဆီးရီးယားမြေပြင်တပ်ဖွဲ့များက ဝင်ရောက်လာသည့် ခြိမ်းခြောက်မှု အန္တရာယ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် အရေးအဖွဲ့က ပြောသည်။ ယခုနှစ်အတွင်း ဆီးရီးယားနိုင်ငံသို့ အစ္စရေးက လေကြောင်း တိုက်ခိုက်မှု ၁၆ ကြိမ်နှင့် မြေပြင်စစ်ဆင်ရေး ရှစ်ခုလုပ်ဆောင်ခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်သူများက ဆိုသည်။

လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံ၏ လူပေါင်း ၁၂ သန်းကျော်မှာ ပုံမှန်စားနပ်ရိက္ခာရရှိရေး ချို့တဲ့ နေသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်က ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်လည်း ကုလသမဂ္ဂ၏ အဓိက ထောက်ပံ့ရေးအစီအစဉ်များကို ရပ်တန့်သွားမည်ဟု ဆိုသည်။ ။

ကိုးကား - ဆင်ဟွာ