တစ်ဆက်တစ်စပ်တည်း ရုံးပိတ်ရက် လေးရက်တာ ကာလအတွင်း ပြည်တွင်းခရီးသွားလာမှုများ လှုပ်လှုပ်ရှားရှား ပြန်လည်ဖြစ်ပေါ် လာသည်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်ရေးအတွက် အကန့်အသတ်တချို့ ရှိနေသေးသည့်တိုင်အောင် ရောဂါကူးစက်မခံရအောင် နေနည်းထိုင်နည်းများကို ကျွမ်းဝင်လာသည်နှင့်အမျှ အသွားအလာတို့ ပုံမှန်နီးနီးဖြစ်လာသည်။ ဟိုဟိုသည်သည် အလည်အပတ်ခရီးများလည်း ထွက်လာသည်။

ကိုဗစ် - ၁၉ ကပ်ရောဂါ ကျရောက်လာသောအခါ လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေကြသည့် အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အထိနာကြသည်။ လက်ရှိအခြေအနေတွင်မူ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေပြီး စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နေကြပြီ။ ပြည်တွင်း ခရီးသွားများအတွက် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် တာဆူနေကြပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား လေးသန်းသုံးသိန်းကျော် ဝင်ရောက်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသာ မဖြစ်ခဲ့ပါက ယခုနှစ်တွင်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း အလားအလာကောင်းကို မျှော်လင့်နိုင်သည်။ ကူးစက်ရောဂါကို အကြောင်းပြု၍ နိုင်ငံတကာ ကူးသန်းသွားလာမှုများ ရပ်ဆိုင်းလိုက်ရသည့်အခါ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အားလုံးမီးခိုးတိတ်ဖြစ်ခဲ့ရသလို ဝန်ထမ်းများ ဆက်လက်ခန့်ထား ရေး၊ အခွန်အခနှင့် စရိတ်စကများ ပေးဆောင်နိုင်ရေး စသည်တို့ အတွက် လုပ်ငန်းရှင်များ ခေါင်းခဲကြရပြီး နိုင်ငံတော်၏ ကူပံ့မှုနှင့် ဖြေလျှော့ပေးမှုတို့ကြောင့် များစွာသက်သာရာရခဲ့ကြသည်။

ယခုအခါ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာ တစ်ရပ်အထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည့်အလျောက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများလည်း ပြန်လည်နိုးထလျက်ရှိနေပြီ ဖြစ်သည်။ “အခုလို ပြည်ဝင်ခွင့်တွေရပ်ဆိုင်းထားပြီး အကူအညီပေးရေး ခရီးစဉ်များမှအပ နိုင်ငံတကာလေယာဉ်များ ဆိုက်ကပ်ခွင့် ပြန်မပေးသေးတဲ့အချိန်မှာ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း တွေအနေနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကိုသာ ဦးစွာလုပ်ဆောင် ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ခရီးသွားရော၊ ဝန်ဆောင်မှု ပေးတဲ့ဝန်ထမ်းရော ဘေးကင်းလုံခြုံမှုကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ရပါမယ်” ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင် ၇ ရက်တွင်ကျင်းပသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့်အပြင် ပြည်တွင်းခရီးသွားတို့၏ သဘာဝများ၊ မျှော်လင့်ချက်များ၊ သုံးစွဲနိုင်စွမ်းများ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး ပြည်တွင်းခရီးသွားများကို ဆွဲဆောင်နိုင် သည့် ခရီးစဉ်များ စတင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် တစ်မူ ထူးခြားသည့် သဘာဝအလှတရားကိုယ်စီနှင့် ယဉ်ကျေးမှု ထုံးဓလေ့ကိုယ်စီတို့ရှိကြသည်။ ဒေသအလိုက် ထွက်ကုန်များ၊ အစားအသောက်၊ အဝတ်အထည်၊ အမှတ်တရ ပစ္စည်းများလည်း တစ်မျိုးတစ်ဘာသာစီရှိကြရာ လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းခရီးသွားလာမှု တို့ ပိုမိုများပြားအားကောင်းလျက်ရှိသည်။ ထို့အပြင် လူမှု ကွန်ရက်များမှတစ်ဆင့် ဖော်ပြမှု၊ မျှဝေမှုများကြောင့် ဒေသ အလိုက် ခရီးစဉ်အသစ်များထွက်ပေါ်လာပြီး ခရီးသွားများ၏ စိတ်ဝင်စားမှုများကိုလည်း တွေ့ရှိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများမှစတင်၍ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းကို ပြန်လည်စတင်လည်ပတ်ခြင်းနှင့်အတူ ကိုဗစ်- ၁၉ အလွန်တွင် ဖြစ်ပေါ်လာမည့် ပြည်ပခရီးသွားလုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း