ပြည်တွင်းမှာ ကျွဲ၊ နွားဈေးကွက်ဖြစ်ပေါ်စေဖို့ အရောင်းအဝယ်စင်တာတွေ ထားရှိဖို့လို

မန္တလေး  ၆ မေ

 


တရုတ်ကိုတင်ပို့ရောင်းချသည့် ကျွဲ၊ နွားဈေးကွက်ကို ပြည်တွင်းတွင် ဈေးကွက်ဖြစ်ပေါ်စေရန် ရောင်းဝယ်ရေးစင်တာများ ထားရှိရန် လိုအပ်ကြောင်း  မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁)ဒေါက်တာကျော်ထင် က ပြောသည်။ 

 


လက်ရှိရောင်းချသည့် ပုံစံသည်တရုတ်ပြည်ထဲရောက်မှ ငွေရရှိတဲ့ ပုံစံတွေဖြစ်နေတာကြောင့် ပြည်တွင်းဈေးကွက်ဖြစ်ရန် လိုအပ်နေကြောင်း သိရသည်။  

 


“ကျွန်တော်တို့က  အလုအယက်ပို့နေပြီးတော့ အလုအယက် အကုန်လုံးက ဝယ်လက်မရှိသေးပဲ နယ်စပ်ကို သွားတယ် နယ်စပ်မှာ စုပြုံနေတယ် အဲဒီအချိန်ကျမှ အူးယားဖားယား ရောင်းရတဲ့စနစ် ဆိုရင်တော့ ကျွဲနွားကုန်သည်လည်းဒုက္ခရောက်မယ် ဒုက္ခရောက်ရင် မွေးတဲ့တောင်သူတွေလည်း အထိုက်အလျောက် ဈေးနှုန်းရတာနည်းသွားမှာပေါ့ “ဟု  မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာကျော်ထင် က ပြောသည်။ 

 


အဆိုပါ စင်တာများတွင်  သက်ဆိုင်ရာဌာန များရှိရမည်ဖြစ်ပြီး ဘဏ်စနစ်၊ အင်ပို့ပါမစ်ထုတ်ပေးတဲ့စနစ်၊ တိရိစ္ဆာန်ရောဂါစစ်ပေးတဲ့စနစ် စသည့်စနစ်များ ထားပေးရမည်ဖြစ်ကြောင်း သိရသည်။ 

 


ယခုတရုတ်ကို တင်ပို့သည့် ကျွဲနွားများကို မူဆယ်လမ်းကြောင်းအပြင် လွယ်ကျယ်လမ်းကြောင်းကိုပါ တိုးချဲ့ဖွင့်ပေးဖို့ ဆွေးနွေးနေကြောင်း သိရသည်။ 

 


“အခုဟာက တင်ပို့မှု လို့သာပြောပေမယ့် ဟိုဘက်က လည်းတရားဝင်ယူတာမဟုတ်ဘူး။ ဒီဘက်ကလည်းယူမယ့်သူမရှိပဲ နယ်စပ်ကို မောင်းသွားပြီးတော့မှ ယူမလာယူမလားနဲ့ လိုက်ခေါ်ရတဲ့ပုံစံ ဖြစ်နေတဲ့ဟာကို ပြောင်းနိုင်မှပဲ ကျွန်တော်တို့မှာ ပုံမှန်ဖြစ်တဲ့ တင်ပို့မှုမျိူးဖြစ်လာမယ်လို့ထင်ပါတယ်”ဟု ဒေါက်တာကျော်ထင်က ဆိုသည်။ 


အိမို့မို့ခိုင်