လားရှိုး ၂၆ ဒီဇင်ဘာ 

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသား အဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယာယီခိုလှုံရာစခန်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ UN ၊NGO၊ INGO အဖွဲ့ကိုယ်စားလှယ်များ၊ ယာယီခိုလှုံရာ စခန်းများမှ ပြည်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကိုလာရောက် ရှင်းလင်းခြင်းဖြစ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးကြရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအားလုံးသာ တူညီမျှ ခံစားရရှိရေးမူကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအသီးသီးက လိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများကို ဖော်ဆောင်ပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူသားအရင်းအမြစ်များ၏ စွမ်းရည်မြင့်မားစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ရေရှည်လုပ်ငန်းအဖြစ် ရှေးဦးအရွယ်ကလေး သူငယ်ဘဝမှစ၍ ကြိုးပမ်းလျက်ရှိကြောင်း၊ လူသားတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ သဘာဝဘေးနှင့်လူကြောင့်ဖြစ်သော ဘေးများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

ဘေးဒုက္ခများတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများသည် မိမိတို့၏ နေရပ်များကိုစွန့်ခွာကြရပြီး ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် လူမှုရေးဒုက္ခများကို ခံစားရခြင်းသည် အကြီးမားဆုံးသော ဒုက္ခဖြစ်ကြောင်း၊ ထိုဒုက္ခများကင်းဝေးရန် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ယခုအမျိုးသားအဆင့် မဟာဗျူဟာကို ရေးဆွဲခြင်းဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များသည် ချက်ချင်းဆောင်ရွက်၍ရသော လုပ်ငန်းမျိုးမဟုတ်ကြောင်း၊ အဖက်ဖက်က အခြေအနေပေးသောအချိန်တွင် အဆင်သင့်ဖြစ်ရန် စီစဉ်ဆောင်ရွက်ထားရခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုမဟာဗျူဟာသည် မိမိတို့ နိုင်ငံ၏ လိုအပ်ချက်များ၊ ဥပဒေများနှင့် ကိုက်ညီအောင် ရေးဆွဲထားသလို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လည်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။

မဟာဗျူဟာသည် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ထားသည့် ဒေသများအားလုံးအတွက် ခြုံငုံရေးဆွဲထားပါကြောင်း၊ သို့ရာတွင်လည်း ဒေသတစ်ခုနှင့် တစ်ခုမတူညီသည့်အတွက် မိမိတို့ဒေသနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များကို သီးခြားစီရေးဆွဲ၍ ရေရှည်အကောင်အထည်ဖော်ကြရမှာ ဖြစ်ကြောင်း၊ ပြည်တွင်း ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးမှာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်တွင် မူတည်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုနိုင်ငံသားတစ်ဦးချင်းစီက ငြိမ်းချမ်းလိုစိတ်ရှိပြီး ဘေးဒုက္ခခံစားရသော ပြည်သူများကို စာနာစိတ်ထားရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်နိုင်ငံသား အားလုံးသာ တူညီမျှခံစားရရှိနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အဖက်ဖက်က ကြိုးစားဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်ရခြင်းများကို အဆုံးသတ်နိုင်ရေး ဖြေရှင်းဆောင်ရွက်မှုနည်းလမ်းများကို ရှာဖွေသကဲ့သို့ လက်ရှိနေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများပြန်လည် တည်ဆောက်ရန် ရည်ရွယ်လျက် ရေရှည်အကျိုးကို မျှော်မှန်း၍ ဤမဟာဗျူဟာကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အားလုံးကပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းရာ၌ မဟာဗျူဟာသည်ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများ ပြန်လည်တည်ဆောက်ရန်အတွက် အဓိကထားရည်ရွယ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားပေးပြီးမှသာ စခန်းများကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း အချိန်အတိုင်း အတာတစ်ခုအထိပေးအပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းစွာ အသိပေးလိုပါကြောင်းနှင့် မဟာဗျူဟာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော ယာယီခိုလှုံရာစခန်းများရှိ ကိုယ်စားလှယ် တိုင်းရင်းသား ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ (၁၀)ဖွဲ့အား ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်သည်။ 

သတင်းစဉ်