နေပြည်တော် ၂၅ မတ်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန် (၁၁) ခုရှိရာ ယနေ့အစည်းအဝေးမှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်း (၁၂၈)ခုရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်သင့်၍ ထိရောက်သော ပြန်လည်နေရာချထားမှုများလိုအပ်ပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာပါ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး အမှီအခိုကင်းသော ဘဝများ ပြန်လည်တည်ဆောက်နိုင်ရေး အဓိကထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာအရ သက်ဆိုင်ရာပြည်နယ်အဆင့်ဆင့် ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းပြီး ပြည်နယ်များအလိုက် မတူညီသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့် ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့ အမျိုးသားကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို (၆)လတစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အစီရင်ခံတင်ပြကြရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ယာယီခိုလှုံရာစခန်များ ပိတ်သိမ်းရေးကို မဟာဗျူဟာ မပေါ်ပေါက်ခင်ကပင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အမျိုးသားအဆင့်ကော်မတီ ပေါ်ပေါက်လာပြီဖြစ်၍ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်များတွင် ဖွဲ့စည်းထားသော ဆက်စပ်ကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းပူးပေါင်းခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများကိုလည်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် များစွာဆက်စပ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုလည်း တင်ပြဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများစွာရှိနေပါကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ အခွင့်အရေးများကို လျစ်လျှူမရှုဘဲ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း ဝေဖန်မှုများရှိနေသည့်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိအောင် မဟာဗျူဟာကို ဆွတ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်သူ Professor Walter Kaelin ၏ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် လုပ်ငန်းစဉ်ရေးဆွဲရေးလမ်းညွှန် (Guide Line) တစ်ခုကို ပူးပေါင်းညှိနှိုင်းရေး ဆွဲထားပါကြောင်း၊ သက်ဆိုင်ရာပြည်နယ်များအလိုက် အကောင်အထည်ဖော်ကြမည့် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များပါ စံချိန်စံညွှန်းများနှင့်အညီ ပုံစံတကျ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပုံစံတကျဆောင်ရွက်ထားပါက အခက်အခဲ၊ စိန်ခေါ်မှုများ ရှိလာပါက ဖြေရှင်းရလွယ်ကူမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ လုပ်ငန်းစီမံချက်များရေးဆွဲရန် အထောက်အကူပြုမည့် လမ်းညွှန်ချက် (Guide Line) ရေးဆွဲထားမှုနှင့်ပတ်သက်၍ ပိတ်သိမ်းရမည့်စခန်းများ သတ်မှတ်ခြင်း၊ ယာယီခိုလှုံရာ စခန်းတွင် နေထိုင်သူများ၏ အချက်အလက်များကိုပြစုခြင်းနှင့် ကနဦးဆန်းစစ်ချက်ဆောင်ရွက်ခြင်း၊ ပြန်လည်နေရာချထားရန် နေရာများရွေးချယ်ရာတွင် မူလနေရပ်ပြန်ခြင်း၊ နေရာသစ်သို့ ရွှေ့ပြောင်းခြင်း၊ ဒေသအတွင်း ပေါင်းစည်းနေထိုင်ခြင်းတို့တွင် နေရပ်စွန့်ခွာ သူများ၏ သဘောထားများနှင့်အညီ ဆန်းစစ်ဆောင်ရွက်ခြင်း၊ ရှင်းလင်းညှိနှိုင်း တိုင်ပင်ဆွေးနွေးခြင်းနှင့် လုပ်ငန်းစီမံချက်များ၏ ဖွဲ့စည်းပုံနှင့် ပါဝင်သင့်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ခံ တက်ရောက်လာကြသူများက ယာယီခိုလှုံရာစခန်းတွင် နေထိုင်သူများ၏ အချက်အလက်များကိုပြစုခြင်းနှင့် ကနဦးဆန်းစစ်ချက် ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုမည့်ပုံစံနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ပါက အစီရင်ခံတင်ပြနိုင်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘဏ္ဍာငွေလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်တိုးတက်မှုကို နိုင်ငံတကာက သိရှိနိုင်စေရန် နိုင်ငံပိုင်မီဒီယာများသာမက ပြည်တွင်းပုဂ္ဂလိကနှင့် ပြည်ပမီဒီယာများမှတစ်ဆင့် သတင်းဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက အချက်အလက်အမှန်များ သိရှိစေရန် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ဤလုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်၍ နိုင်ငံတကာ၏ အပြုသဘောဆောင်သာ ပူးပေါင်းပံ့ပိုးကူညီမှုများ ရယူနိုင်ခြင်း ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့်များအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို (၃)လတစ်ကြိမ် အမျိုးသားအဆင့်ကော်မတီသို့ အစီရင်ခံတင်ပြကြရန် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအတွက် COVID -19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်လိုကြောင်း၊ အသိပညာပေးဖြန့်ဝေမှုများလည်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ချက်များ၊ မေတ္တာရပ်ခံချက်များကိုလည်း လေ့လာသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။
သတင်းစဉ်


