နေပြည်တော် ၊   ၅   ဒီဇင်ဘာ

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၌ လက်တွေ့အကောင် အထည် ဖော် ဆောင်ရွက်နေသည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်  ဒီဇင်ဘာ  ၃ ရက်မှ  ၄   ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲချိန်၌ ပါဝင်ကူညီခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သည့်အပြင် ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ကုလသမဂ္ဂ၏ ပြည်တွင်းနေရပ်စွန့်ခွာသူများဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေကျွမ်းကျင်ပညာရှင် Professor Walter Kalin က ဦး ဆောင်၍  ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေး စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်ချက်များ၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပုံမှန်ဘဝ အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သော ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ လူနေမှုအဆင့်အတန်းမီရေးဆိုင်ရာလုံခြုံမှု၊ ဥပဒေပိုင်းဆိုင်ရာ လုံခြုံမှု တို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ယာယီခိုလှုံရေး စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ဆူဒန်နိုင်ငံနှင့် ဆိုမာလီးယားတို့၏ အတွေ့အကြုံကောင်းများ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ မဟာဗျူဟာ၊ မူဝါဒများနှင့်စပ်လျဉ်း၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက  ဆွေးနွေးမှုရလဒ်များအားလည်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများက အဖွဲ့(၃)ဖွဲ့ ခွဲ၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ် မှုများ၊ အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်