နေပြည်တော် ၁၂ မတ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့်အတွက် ရွေးကောက်ပွဲများကျင်းပခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း။
ရွေးကောက်ပွဲများနှင့် စပ်လျဉ်းပြီး တရားမျှတမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်ခြင်း စသည်တို့ကို ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းများကပါ စိတ်ဝင်တစား စောင့်ကြည့်ကြပါကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာအကဲဖြတ်သည့် လုပ်ငန်းသည် ရွေးကောက်ပွဲများ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို တိုးတက်မြင့်မားလာစေသကဲ့သို့ ဒီမိုကရေစီစနစ်ကို ခိုင်မာစွာတည်ဆောက်ရာတွင်လည်း အထောက်အကူဖြစ်စေပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို လေ့လာခွင့်ပြုခဲ့ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရေးနှင့် လျှို့ဝှက်စွာ ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန်အတွက် ကျင့်ဝတ်များ ထုတ်ပြန်ပေးခဲ့ပြီး စောင့်ကြည့်လေ့လာမှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း ထုတ်ပြန်ပေးခဲ့ပါကြောင်း။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအနေဖြင့် ရွေးကောက်ပွဲ၏ အရည်အသွေးကို အကဲဖြတ်ရာတွင် ရွေးကောက်ပွဲကျင်းပသည့် နေ့တစ်ရက်တည်းကို စောင့်ကြည့်၍ အကဲဖြတ်ခြင်းထက် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်း ကာလတို့တွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကဲဖြတ်ရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ထားရှိခြင်းကြောင့် တရားမဲ့ပြုကျင့်မှုများနှင့် ရွေးကောက်ပွဲ မသမာမှုများ လျော့ချနိုင်ခြင်း၊ ကော်မရှင်၏ သမာသမတ်ကျမှုကို သိရှိကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရလဒ်များအပေါ် ယုံကြည်မှုရှိလာစေခြင်း၊ စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံစာပါ အကြံပြုချက်များကို သုံးသပ်၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် လုပ်ငန်းသည် ကျယ်ပြန့်ပြီး နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပါဝင်ကြခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဖြစ်စေရန်နှင့် တိကျလွယ်ကူစွာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းလမ်းညွှန်ဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် International IDEA အဖွဲ့မှ Mr. Manfred Bernhard က ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို STEP Democracy အစီအစဉ်ဖြင့် နှစ်ရက်တာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်